မြန်မာ့ရုပ်ရှင် နှစ် ၁၀ဝ ပြည့် အထိမ်းအမှတ် တံဆိပ်ခေါင်းများရောင်းပေး

မြဝတီ  ၁၅  အောက်တိုဘာ

 

မြန်မာ့ရုပ်ရှင် နှစ် ၁၀ဝ ပြည့် အထိမ်းအမှတ် တံဆိပ်ခေါင်းများကို မြန်မာ့စာတိုက်လုပ်ငန်း၊ မြဝတီ စာတိုက်က  အောက်တိုဘာ ၁၃ရက်  နံနက်ပိုင်းတွင် စတင်ရောင်းချပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ တံဆိပ်ခေါင်းများတွင် မြန်မာ့ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးထုတ်လုပ်ရာတွင် အဓိက အသုံးပြုခဲ့သည့် ၁၉၃၇ နှစ်ထုတ် Arriflex ကင်မရာနှင့် ရုပ်ရှင်အခန်းကဏ္ဍတွင် အဓိက ပါဝင်ခဲ့သည့် ဖလင်ကို ရုပ်ရှင်အမှတ်သင်္ကတေ အဖြစ်ထည့်သွင်းထားပြီး ခေတ်အဆက်ဆက် ဖြတ်သန်းကာ မြန်မာ့ရုပ်ရှင် အနုပညာရှင်များ ကြုံတွေ့ခဲ့ရသည့် အခက်အခဲများကို ရဲရဲရင့်ရင့် ရင်ဆိုင်ဖြတ်သန်း ကျော်လွှားခဲ့မှုကို ဖော်ညွှန်းထားသည့် အနီရောင်ဖဲကြိုး၊ မြန်မာ့ရုပ်ရှင် ဖြတ်သန်းခဲ့သည့် ကာလကို ပေါ်လွင်စေရန် မြန်မာ့ရုပ်ရှင် နှစ် ၁ဝဝ ပြည့်သည့် ၁၉၂၀-၂၀၂ဝ စာသားနှင့် Myanmar Flim 100 th Anniversary စာသားတို့ကို မြန်မာ၊အင်္ဂလိပ် နှစ်ဘာသာဖြင့် ယင်းတံဆိပ်ခေါင်းပေါ်တွင် ရိုက်နှိပ် ဖော်ညွှန်ထားသည်။

 

မြန်မာ့စာတိုက်လုပ်ငန်း၊ မြဝတီစာတိုက်အနေဖြင့် မြန်မာ့ရုပ်ရှင် နှစ် ၁၀ဝ ပြည့် အထိမ်းအမှတ် တံဆိပ်ခေါင်းအလုံးရေ ၅၀ဝ ကို   တစ်လုံးလျှင် ငွေကျပ်နှစ်ရာနှုန်းဖြင့်  ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

 

မန်းသန်းရွှေမြင့်