မြန်မာနက်က လစဉ်သုံးနှင့် လုပ်ငန်းသုံး အင်တာနက်ဝန်ဆောင်မှုများအတွက် ဈေးနှုန်းများပြောင်းလဲ

ရန်ကုန်   ဇန်နဝါရီ   ၁၂

အင်တာနက်ဝန်ဆောင်မှုပေးသည့် လုပ်ငန်းတစ်ခုဖြစ်သော မြန်မာနက်အနေဖြင့် လစဉ်သုံးနှင့် လုပ်ငန်းသုံး အင်တာနက်ဝန်ဆောင်မှုအချို့အတွက် ဈေးနှုန်းများကို ဇန်နဝါရီ ၈ ရက် မှစ၍ ပြောင်းလဲ သတ်မှတ်ထားကြောင်းနှင့် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေအရ ပြောင်းလဲခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနက်က ဇန်နဝါရီ ၇ ရက်က ထုတ်ပြန်သည့် အင်တာနက်ဈေးနှုန်း ပြောင်းလဲမှုဆိုင်ရာ ကြေညာချက်တွင် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေအရ အင်တာနက် ဝန်ဆောင်မှုလုပ်ငန်း ကုန်သွယ်ခွန်များကို တိုးမြှင့်ကောက်ခံရန် လိုအပ်သဖြင့် မြန်မာနက်အင်တာနက် အနေဖြင့် အမြတ်အစွန်းကိုမတိုးမြှင့်ဘဲ အင်တာနက်ဈေးနှုန်းအချို့ကို ပြောင်းလဲပြင်ဆင်သတ်မှတ် လိုက်ကြောင်းနှင့် အဝသုံးဖုန်းအင်တာနက် ဈေးနှုန်းများမှာမူ ပြောင်းလဲခြင်းမရှိကြောင်း ကြေညာထား သည်။

ပြောင်းလဲလိုက်သော အင်တာနက်ဈေးနှုန်း အချို့မှာ အောက်ပါအတိုင်းဖြစ်ပြီး အနည်းဆုံး ကျပ် ၁၀၀၀ မှ အများဆုံး ကျပ် ၆၀၀၀ အထိ တိုးမြှင့်ထားသည်ကို တွေ့ရသည်။

ဈေးနှုန်းပြောင်းလဲမှု အသေးစိတ်အချက်များကို myanmarnet.com ဝက်ဘ်ဆိုက်တွင် ဝင်ရောက် ကြည့်ရှုနိုင်သည်။ မြန်မာနက်အနေဖြင့် သုံးစွဲသူများ အဆင်ပြေစေရန် မြန်မာနက် နှင့် မြန်မာနက် Plus အင်တာနက်ဝန်ဆောင်များအတွက် တပ်ဆင်ကြေးကို ၂၀၂၁ နိုဝင်ဘာ ၁၆ ရက်မှစ၍ ကျပ် ၁၉၀၀၀ မှ ၁၈၀၀၀ သို့ လျှော့ချကာ ခြောက်လ အရစ်ကျပေးနိုင်သည့် အစီအစဉ်ကိုလည်း ပြုလုပ်ထားသည်။

၂၀၂၂ ဇန်နဝါရီ ၆ ရက်က ကြေညာခဲ့သည့် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေအရ ဆင်းကတ်ဈေးနှုန်းများလည်း အပြောင်းအလဲရှိလာနိုင်မည်ဖြစ်၍ ပြင်ဆင်မှုနှင့် သက်ဆိုင်ရာ အိုင်တီစနစ်တို့ လိုက်လျောညီထွေအောင် ပြောင်းလဲခြင်းမပြုနိုင်မီအချိန်အထိ ဆင်းကတ်များ ရောင်းချ မှုကို ရပ်တန့်ထားပြီးဖြစ်ကြောင်းလည်း တယ်လီကွန်းတစ်ခုဖြစ်သော တယ်လီနောမြန်မာက ကြေညာထားသည်။

ကိုစိုး