မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်ရန် အမေရိကန် စီးပွားရေး လုပ်ငန်းရှင်များ စိတ်ဝင်စား

၁ အောက်တိုဘာ

 

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်ရန် အမေရိကန် စီးပွားရေး လုပ်ငန်းရှင်များ စိတ်ဝင်စားကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောသည်။

 

"အားလုံးသိတဲ့အတိုင်းဘဲ Coca-cola ကအစ အာမခံကုမ္ပဏီတွေ၊ ပစ္စည်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေ၊ ရေနံကုမ္ပဏီတွေ အကြီးကြီးတွေ လာကြတာပါ။ မြန်မာနိုင်ငံမှာ လက်ရှိလုပ်နေတဲ့ လူတွေလည်းပါပါတယ်။ အခုမှ ထပ်လာတဲ့ ပုဂ္ဂိုလ်တွေလည်း ပါပါတယ်။ ရှိရင်းစွဲထိ တွေ့မှုရှိပြီးတော့ ထုတ်လုပ်မှုလုပ်ကိုင်နေတဲ့ပုဂ္ဂိုလ်တွေလည်း ဖြစ်ပါတယ်။ သူတို့က လာပြီးတော့ လုပ်ငန်းအသစ်တွေ ဖော်ဆောင်ဖို့နဲ့ ရှိတဲ့လုပ်ငန်းတွေကို စွဲစွဲမြဲမြဲဆက်လက်လုပ်ကိုင်ဖို့ ရည်ရွယ်ပြီး လာကြတာဖြစ်ပါတယ်။ ဒါကတော့ ပိတ်ကားပေါ်မှာ ဆက်လက် ကြည့်ရှု့စေချင်ပါတယ်။ မြန်မာနိုင်ငံက ချစ်သူဝိုင်းဝိုင်းလည်လျက်ရှိတယ်။ ချစ်သူဝိုင်းဝိုင်းလည် လျက်ရှိတဲ့အထဲမှာလည်း အမေရိကန်နိုင်ငံတွေလို ကုန်သည်အကြီးကြီးတွေကတောင်မှ စိတ်ဝင်စားတယ်ဆိုတာကို ဖော်ကျူးနေတာဖြစ်ပါတယ်"ဟု ဒေါက်တာမောင်မောင်လေး က ပြောသည်။

 

ထိုသို့ အမေရိကန်စီးပွားရေးကုမ္ပဏီများ လာရောက်ကြသည့်အတွက် မြန်မာနိုင်ငံသည် ဝိုင်းကျဉ်ခံထားရသည့် နိုင်ငံမဟုတ်ကြောင်း ပေါ်လွင်စေသည့်အပြင် တာဝန်သိကာ တာဝန်ယူမှုရှိသည့် ကုမ္ပဏီကြီးများ လာရောက်သောကြောင့် မြန်မာနိုင်ငံသည် အလားအလာကောင်းပြီး ရွှေထီးဆောင်းသည့်ဘဝ ပြန်ရောက်မည်ကို ဖော်ကျူးခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

 

ပြီးခဲ့သည့် စက်တင်ဘာ ၃၀ ရက်က အမေရိကန်နိုင်ငံ US-ASEAN Business Council နှင့် ကုန်သည်စက်မှုအသင်းချုပ်တို့ ပူးပေါင်း၍ "Business Meeting with US-ASEAN Business Council Delegation" ကို ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါ Business Meeting တွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး H.E. Mr.Scot Marciel အပါအဝင် အမေရိကန် စီးပွားရေး ကုမ္ပဏီများ ဖြစ်ကြသော Abbott, Amazon, Bower Group Asia, Chevron, Chubb, Coca-Cola, Diageo, Ford, Google, Jhpiego, MasterCard, Visa တို့မှလုပ်ငန်းရှင်များ၊ ကိုယ်စားလှယ်များ တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၌ အမေရိကန်ရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့် လုပ်ဆောင်သွားကြမည်ဖြစ်ကာ ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ တိုးမြှင့်ရေး၊ အခြေခံအဆောက်အဦဖွံ့ဖြိုး တိုးတက်ရေး၊ ပေါ်ထွက်လာသော ဈေးကွက်ကို ရင်ဘောင်တန်းနိုင်ရေး၊ စက်မှုဖွံ့ဖြိုးတိုးတက်ရေး တို့ကို အမေရိကန် စီးပွားရေး လုပ်ငန်းရှင်များမှ ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ထို့ပြင် မြန်မာနိုင်ငံ၌ တယ်လီကွန်လုပ်ငန်း၊ အာမခံလုပ်ငန်း၊ လက်ကားရောင်းချခြင်းနှင့် ဖြန့်ချိရေး လုပ်ငန်းများကို အလျင်အမြန်တိုးတက်စေချင်ကြောင်း ဆွေးနွေးခဲ့သည့်အပြင် ဒစ်ဂျစ်တယ် နည်းပညာရပ်ဆိုင်ရာများ၊ မော်တော်ကားလုပ်ငန်းများ၊ အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဆိုင်ရာများတွင်လည်း အမေရိကန်စီးပွားရေးလုပ်ငန်းများ ပိုမို ပါဝင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

လက်ရှိ မြန်မာနိုင်ငံတွင် အမေရိကန်၏ ရင်းနှီးမြှုပ်နှံမှုသည် အဆင့် (၁၃)၌ ရှိပြီး ယခုဘဏ္ဍာနှစ် ၁၁ လအတွင်း အမေရိကန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၀ နှင့် တန်ဖိုးဒေါ်လာ ၄၃၂ သန်းကျော်ရှိကြောင်း သိရသည်။

 

အမေရိကန်-မြန်မာနှစ်နိုင်ငံကုန်သွယ်မှုသည်လည်း ယခု ဘဏ္ဍာနှစ် ၁၁ လကျော်တွင် နှစ်နိုင်ငံ ကုန်သွယ်မှုတန်ဖိုး ဒေါ်လာ ၈၄၇ သန်းကျော်ရှိပြီး ပို့ကုန်တန်ဖိုးဒေါ်လာ ၅၇၁ သန်း ကျော် နှင့် သွင်းကုန်တန်ဖိုးဒေါ်လာ ၂၇၆ သန်းကုန်သွယ်ထားကာ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်ထက် ဒေါ်လာ ၁၂၉ သန်းကျော်ပိုများကြောင်း သိရသည်။

 

Nyein Nyein