မြန်မာနိုင်ငံမှထွက်ရှိသော ဒေသမျိုးရင်းထောပတ်သီးနှစ်မျိုးကို အင်္ဂလန်နိုင်ငံသို့ ဇန်နဝါရီလအတွင်း ထပ်မံတင်ပို့သွားမည်

မန္တလေး၊  ၁၇  ဒီဇင်ဘာ

မြန်မာနိုင်ငံအတွင်း စိုက်ပျိုးထားရှိသည့် ဒေသမျိုးရင်းထောပတ်သီး နှစ်မျိုးကို အင်္ဂလန်နိုင်ငံသို့ ၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွင်း တန်ချိန် တစ်တန်ဝန်းကျင် ထပ်မံတင်ပို့သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံထောပတ်သီး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းမှ သိရသည် ။ 

မြန်မာထောပတ်သီးများကို အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံသို့ တင်ပို့မှုများ ရှိခဲ့ကြောင်း၊ ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက တန်ဝက်ခန့်တင်ပို့ခဲ့ရာ ရလာဒ်ကောင်းများ ထွက်ပေါ်ခဲ့သဖြင့် ယခုကဲ့သို့ ဒုတိယအကြိမ်မြောက်အဖြစ် ထပ်မံတင်ပို့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံထောပတ် သီးစိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှ ဒုတိယဥက္ကဌ ဦးမျိုးညွှန့်က ပြောသည်။

"အနည်းဆုံးတစ်တန်လောက်ပို့မယ်၊၊ ချင်းတောင်ကဒေသသီးတွေနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက ဒေသသီးတွေကိုပို့မှာပါ၊၊ ပြင်ဦးလွင်က တော့ ပို့ဖို့ပမာဏမပြည့် သေးတဲ့အတွက် လောလောဆယ် မပို့နိုင် သေးပါဘူး၊၊ ပြည်တွင်းမျိုးတွေဖြစ်တဲ့အတွက် ပြည်ပမှာဈေးကွက် ရရှိရင် တင်ပို့မှုပမာဏက တခြားနို်င်ငံတွေထက် ကိုယ်နိုင်ငံကပိုတင်ပို့ နိုင်မယ်၊၊ တောင်သူတွေအတွက်လည်း များစွာအကျိုးရလဒ်ဖြစ်ထွန်း စေနိုင်မယ်၊၊ နှစ်စဉ်တင်ပို့မှုကို တိုးမြင့်နိုင်ဖို့အတွက်လည်း လုပ်ဆောင် နေပါတယ်"ဟု ၎င်းကပြောသည်။ 

ချင်းတောင်မှ ဒေသမျိုးဖြစ်သည့် ချင်းနိုကားတိုးမျိုး၊ ရှမ်းတောင်မှ ထွက်ရှိသည့် ပင်ဂွင်း စသည့်မျိုးနှစ်မျိုးကို တင်ပို့သွားမည်ဖြစ်ကြောင်း၊ ပြည်တွင်းမျိုးများကိုတင်ပို့ပြီး နာမည်ရရှိလာပါက ပြည်တွင်းစိုက်ပျိုး သူများအတွက် များစွာအကျိုးဖြစ်ထွန်း နိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ထောပတ်သီးများကို အင်္ဂလန်နိုင်ငံသို့ တင်ပို့ခြင်းအပြင် ဂျာမ ဏီနှင့် အီတလီတို့ကလည်း မြန်မာ့ထောပတ်သီးများကို တင်ပို့ရန်အတွက် ကမ်းလှမ်းမှုများရရှိထားပြီး ဖြစ်ကြောင်း၊ လက်ရှိအနေအထားအရ တင်ပို့နိုင်မည့်အခြေအနေတွင် မရှိသေးသော်လည်း ဈေးကွက် ကျယ်ပြန့်လာတော့မည် ဖြစ်ခြင်းကြောင့် စိုက်ပျိုးသူ၊ ကုန်သည်နှင့် နိုင်ငံတော်အတွက်လည်း အကျိုးရလဒ်များ ပိုမိုရရှိလာနိုင်မည်ဖြစ်ကြောင်း သိရသည်။ 

မင်းထက်အောင်(မန်းကိုယ်ပွား)