ရန်ကုန် မေ ၃
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) က ဖွင့်လှစ်နေသည့် အခမဲ့နွေရာသီအခြေခံဘောလုံးသင်တန်း (ဒုတိယအသုတ်) မှ ကလေးသူငယ်များအား ပရီမီယာလိဂ်ကလပ် စပါးအသင်းနည်းပြများက မေ ၃ ရက်တွင် အထူးအစီအစဉ်တစ်ရပ်အနေဖြင့် လာရောက်လေ့ကျင့်သင်ကြားပေးသည်။
အဆိုပါ “AYA GAME PLAN : AIA SCORE WITH SPURS” အစီအစဉ်ကို ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အကယ်ဒမီ (MFF Academy Artificial Ground)၌ ကျင်းပခဲ့ပြီး AIA Myanmar Chief Partnership Distribution Officer ဒေါ်မေမြတ်သူက အမှာစကားပြောကြားပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးစည်သူဝင်းက အမှာစကားဆက်လက်ပြောကြားသည်။ ထို့နောက် AYA Bank Chief Business Officer ဦးနေလင်းထွဋ်က ကျေးဇူးတင်စကား ပြောကြားသည်။ ယင်းနောက် တက်ရောက်လာကြသည့် တာဝန်ရှိသူများ၊ နည်းပြများနှင့် ကလေးငယ်များ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး AYA Bank က Tottenham Hotspur အသင်းနည်းပြများဖြစ်ကြသည့် Mr. Kevin Moffatt နှင့် Mr. Tyler Blackwood တို့အား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။
ဆက်လက်၍ Tottenham Hotspur နည်းပြနှစ်ဦးက နွေရာသီဘောလုံးသင်တန်း ဒုတိယအသုတ်မှ ကလေးငယ်များအား အခြေခံဘောလုံးနည်းစနစ်များကို လက်တွေ့သင်ကြားပြသပေးခဲ့သည်။
သတင်း-ရှိုင်းထက်ဇော်
ဓာတ်ပုံ-MFF


