ရန်ကုန် မတ်

 

မြန်မာနိုင်ငံအတွင်းရှိ ဈေးများနှင့်ဈေးပြင်ပတွင် ရောင်းချလျက်ရှိသော အစားအသောက်များ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် လက်တွေ့ကျသော နည်းဗျူဟာဖော်ဆောင်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ Lotte Hotel ကျင်းပသည်။

 

dr mh1

 

အလုပ်ရုံဆွေးနွေးပွဲတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ပြည်သူများအားလုံး နေ့စဉ်စားသုံးနေရသည့် အစားအသောက်များ ဘေးအန္တရာယ်ကင်းရှင်းစေရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လက်တွေ့မြေပြင်အခြေအနေ အရပ်ရပ်နှင့် ကိုက်ညီဆီလျော်သည့် နည်းဗျူဟာများဖြင့် လုပ်ဆောင်နိုင်ရေးအတွက် ယနေ့ပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲသည် မိမိတို့၏ နိုင်ငံသူ၊ နိုင်ငံသားများ တစ်ဦးတစ်ယောက်မကျန်အတွက် အရေးကြီးပါကြောင်း၊ ဈေးများနှင့် ဈေးပြင်ပတွင် ရောင်းချနေသော အစားအသောက်များ၏ သန့်ရှင်းလတ်ဆတ်မှုရှိရန်၊ ခွင့်မပြုဆိုးဆေးနှင့် ဓာတုပစ္စည်းများပါဝင်ခြင်းမရှိစေရန်၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးကြွင်းကျန်မှုများ ပါဝင်မှုကင်းစင်စေရန်၊ ကပ်ပါးရောဂါပိုးဥများနှင့် အခြားရောဂါပိုးများ ပါဝင်မှုကင်းစင်စေရန်တို့ကို ဆောင်ရွက်နိုင်မှသာ ရေရှည်တွင် ပြည်သူ၊ ပြည်သားများ ကျန်းမာမည်ဖြစ်ပါကြောင်း။

 

အစာအဆိပ်သင့်ခြင်းကဲ့သို့ လတ်တလောဖြစ်ပွားသည့် ရောဂါများသာမက သွေးတိုး၊ ဆီးချို၊ အဝလွန်ရောဂါနှင့် ကင်ဆာရောဂါအမျိုးမျိုးအပါအဝင် ရောဂါများဖြစ်ပွားမှုများသည် နေ့စဉ်စားသုံးနေသည့် အစားအသောက်ပေါ်တွင် များစွာမူတည်နေပါကြောင်း၊ ပြည်သူများအားလုံး၏ ကျန်းမာရေးတိုးတက်မှုဆောင်ရွက်ရန် အဓိကထား စဉ်းစားကာ  စံလုပ်ထုံး လုပ်နည်းနှင့် လုပ်ငန်းလမ်းညွှန်များကို ရေးဆွဲပြီး လုပ်ငန်းလမ်းပြမြေပုံများ ချမှတ်ကာ တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဆောင်ရွက်သည့်လုပ်ငန်းများ ပိုမိုပီပြင် ထိရောက်စေရန်အတွက် အမြဲမပြတ်စောင့်ကြည့်ခြင်းနှင့် ဆန်းစစ်ခြင်းများ ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။

 

အစားအသောက်များ ဘေးအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများ ထိရောက်အောင် ဆောင်ရွက်ရာတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန တစ်ခုတည်းအနေဖြင့် ဆောင်ရွက်၍ မရပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး၊ လူမှုရေးနှင့် စီမံခန့်ခွဲရေးကော်မတီ၊ မြို့တော်စည်ပင်သာယာ ရေးကော်မတီများ၊ စားသုံးသူရေးရာ ဦးစီးဌာန စသည့် နှီးနွှယ်ဌာနများ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊  အဓိကအကျဆုံးအချက်မှာ ဈေးရောင်းချသူများတွင် ကျန်းမာရေးဗဟုသုတ၊ စေတနာ၊ စစ်မှန်သော ခံယူချက်များရှိရန် လိုအပ်ပါကြောင်း၊ ထို့ပြင် ဈေးရောင်းချသူများတွင် စားအသောက်ဘေး အန္တရာယ်ကင်းရှင်းရေး အသိပညာရှိရန်လိုအပ်ပါသဖြင့် မိမိတို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ထိုအသိပညာများကို သိရှိရုံဖြင့် မလုံလောက်ဘဲ လက်တွေ့လိုက်နာကျင့်သုံးရန်မှာလည်း အရေးကြီးပါကြောင်း၊ ထိုသို့ အသိပညာများအား လက်တွေ့အသုံးချနိုင်မှု အခြေအနေအရပ်ရပ်ကိုလည်း ဆန်းစစ်သုံးသပ်မှုများ ပြုလုပ်နိုင်ရန်အတွက် အသုံးချသုတေသနများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း။

 

မိမိတို့အဓိကထားသော အစားအသောက် ဘေးကင်းအန္တရာယ် ကင်းရှင်းရေးဆောင်ရွက်ရာတွင် အစားအသောက်တစ်ခုတည်းသာမက စားသောက်ကုန် ရောင်းချရာနေရာများတွင် သန့်ရှင်းသောရေရရှိရေး၊ ခြင်၊ ယင်နှင့် ကြွက်များ ကင်းစင်စေရေးတို့မှာလည်း အရေးကြီးသောကြောင့် စည်ပင်သာယာရေး ကော်မတီများ၏ ပူးပေါင်းပါဝင်မှုလိုအပ်ပါကြောင်း၊ လူတစ်ဦးတွင်ရောဂါရရှိစေမည့် အရာများသည် ကိုယ်ခန္ဓာရှိ မျက်စိ၊ နှာခေါင်း၊ နား၊ ခံတွင်း၊ အရေပြားနှင့် မျိုးပွားအင်္ဂါများမှ တစ်ဆင့်ဝင်ရောက်လာနိုင်ပါကြောင်း၊ ၎င်းတို့အနက် လူတိုင်းသည် နေ့စဉ်အစာအာဟာရ စားသုံးနေရသည့်အတွက် ပါးစပ်မှတစ်ဆင့် ဘေးအန္တရာယ်ရှိသည့် အစားအသောက်များစားသုံးမိပါက ရောဂါဖြစ်ပွားနိုင်ခြေ အများဆုံးဖြစ်နိုင်ပါကြောင်း၊ ထို့ကြောင့် ဈေးများနှင့် ဈေးပြင်ပရောင်းချသော အစားအသောက်များ၏ ကဏ္ဍသည် အထူးအရေးကြီးပါကြောင်း၊ ယခုအလုပ်ရုံဆွေးနွေးပွဲမှ လက်တွေ့ကျ၍ အမှန်တကယ်အကောင်အထည်ဖော်နိုင်သော နည်းဗျူဟာများ ထွက်ရှိစေရေးအတွက် ဘက်ပေါင်းစုံမှ ပွင့်လင်းစွာဖြင့် အကြံပြုဆွေးနွေးကြ စေလိုပါကြောင်း၊ အလုပ်ရုံ ဆွေးနွေးပွဲမှ အကြံပြုဆွေးနွေးချက်များကို ကဏ္ဍအလိုက်ခွဲခြမ်းစိတ်ဖြာ၍ ဦးစားပေးအဆင့်များ သတ်မှတ်ကာ လုပ်ငန်းစဉ်များရေးဆွဲစေလိုပါကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် အားလုံးပူးပေါင်းပါဝင်မှုသည် အဓိကအရေးကြီးပါကြောင်း၊ လုပ်ငန်းဆောင်ရွက်ကြသူများအနေဖြင့် လုပ်ငန်းအတွေ့အကြုံများကို ကွန်ရက်ချိတ်ဆက် ဆောင်ရွက်မှုပုံစံဖြင့် ဝေမျှဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာ ခင်ဇော်တို့က အဖွင့်အမှာစကား ပြောကြားသည်။

 

အလုပ်ရုံဆွေးနွေးပွဲကို မြန်မာနိုင်ငံအတွင်းရှိ ဈေးများနှင့်ဈေးပြင်ပတွင် ရောင်းချလျက်ရှိသော အစားအသောက်များ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် နှီးနွှယ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်မှုအား အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန် လက်တွေ့ကျသော နည်းဗျူဟာတစ်ခု ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ()ရက်တာကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်