မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ကို SCIENCE COUNCIL OF ASIA ၏ အဖွဲ့ဝင်အဖြစ် အသိအမှတ်ပြု

ရန်ကုန် ၂၆ အောက်တိုဘာ

 

မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံ ပညာရှင်အဖွဲ့ကို နိုင်ငံတကာ ပညာရှင်အဖွဲ့တစ်ဖွဲ့ဖြစ်သည့် Science Council of Asia ၏ အဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုလိုက်ပြီ ဖြစ်ကြောင်း ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမ၌ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင် အမှုဆောင်အဖွဲ့က ကြီးမှူးကျင်းပသည့် (၁၇)ကြိမ်မြောက် သုတေသန စာတမ်းဖတ်ပွဲတွင် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံ ပညာရှင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဒေါ်ကြည်ကြည်လှက ပြောကြားခဲ့သည်။

ယခုကဲ့သို့ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ကို အသိအမှတ်ပြုလိုက်သည့်အတွက် မြန်မာနိုင်ငံပညာရေးလောကမှ ဆရာ/ဆရာမများ၊ သုတေသီများ၊ ကျောင်းသား/ကျောင်းသူများသည် SCA က ကြီးမှူးကျင်းပသည့် ဆွေးနွေးပွဲများ၊ အလုပ်ရုံဆွေး နွေးပွဲများ၊ အသိပညာဖလှယ်သည့် ဆွေးနွေးပွဲများကို ပါဝင်ဆင်နွှဲနိုင်မည့် လမ်းပွင့်သွား၍ ဝမ်းသာကြရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။


ထို့နောက် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံ ပညာရှင်အဖွဲ့မှ ဆရာကြီး ဦးသန်းဦးက မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံ ပညာရှင်အဖွဲ့၏ သမိုင်းကြောင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။


ယခုကျင်းပသည့် (၁၇)ကြိမ်မြောက် စာတမ်းဖတ်ပွဲအထိ နှစ်စဉ်တင်သွင်းသည့် စာတမ်း စုစုပေါင်း ၃၅၈၂ စောင်ရှိပြီး ပညာရှင်ဆုအတွက် တင်သွင်းခဲ့သည့် ပါရဂူကျမ်းနှင့် သုတေသန အစီရင်ခံစာသည်လည်း ၂၀ဝ၇ခုနှစ်မှ စတင်ပြီး ယနေ့အထိ ၄၂၇ စောင် ရှိပြီဖြစ်ကြောင်း သိရသည်။ နိုင်ငံတော်နှင့် သက်ဆိုင်ရာ ဘာသာရပ်အတွက် အကျိုးပြုနိုင်မည့် သုတေသန ဆောင်ရွက်ချက်ကို အားပေးသည့် ရည်ရွယ်ချက်ဖြင့် သုတေသန ဆွေးနွေးပွဲများကို နှစ်စဉ် ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။


(၁၇)ကြိမ်မြောက် သုတေသန စာတမ်းဖတ်ပွဲတွင် စာတမ်းရှင် ၃၁၇ ဦး ရှိပြီး စာတမ်းများကို အောက်တိုဘာ၂၇ရက် အထိ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်စီးပွားရေး တက္ကသိုလ်နှင့် ရန်ကုန် ပညာရေးကောလိပ်တို့၌ သုံးနေရာခွဲ၍ ကျင်းပ ဖတ်ကြားသွားမည်ဖြစ်ကြောင်း သိရှိရသည်။


သတင်း-ကိုကိုဇော်
ဓာတ်ပုံ-ဇော်မင်းလတ်