ရန်ကုန် ၁၈ ဖေဖော်ဝါရီ
မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ သန်လျင်မြို့နယ် ညောင်သုံးပင်ကျေးရွာ မီးဘေးသင့်ပြည်သူ များအတွက် အသုံးအဆောင် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲကို ဖေဖေါ်ဝါရီ ၁၇ ရက် ည ၇ နာရီခွဲက ညောင်သုံးပင် ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပသည်။
ထောက်ပံ့ပေးအပ်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဒုတိယ ရဲမှူးကြီး ကျော်မိုးကြည်(ငြိမ်း)က မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ရခြင်းအား ရှင်းလင်းပြောကြားပြီး သန်လျင်မြို့နယ် ညောင်သုံးပင် ကျေးရွာ မီးဘေးသင့်အိမ်ထောင်စု ၁၁ စုအတွက် ထောက်ပံ့ပစ္စည်း ၄ မျိုး၊ အိမ်ထောင်စုတစ်စုလျှင် တန်ဖိုးငွေကျပ် သုံးသိန်းကျော်ခန့်ရှိ ပစ္စည်းများအား မီးဘေးသင့်ပြည်သူ များထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် ညောင်သုံးပင်ကျေးရွာအုပ်စု ချမ်းမြေ့လမ်းတွင် ဖေဖေါ်ဝါရီ ၁၂ ရက် နံနက်ပိုင်းက မီလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ် ၁၁ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
သက်ခိုင် (သန်လျင်)


