မြန်မာနောက်ခံလူ ဇော်မင်းထွန်း ပြည်ပကလပ်တွင် ဆက်လက်ကစားမည်

ရန်ကုန် မေ ၁ဝ

ထိုင်းကလပ် ဆူခိုထိုင်းအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးသွားသည့် မြန်မာ့ လက်ရွေးစင် နောက်ခံလူ ဇော်မင်းထွန်းသည် ပြည်ပကလပ်တွင်သာ ဆက်လက်ကစား မည်ဖြစ်သည်။

ဇော်မင်းထွန်းနှင့် ဆူခိုထိုင်းအသင်းတို့ ချုပ်ဆိုထားသည့် စာချုပ်သက်တမ်းမှာ ဧပြီလက ကုန်ဆုံးသွားပြီ ဖြစ်သည်။ ဇော်မင်းထွန်းကိုခေါ်ယူရန် ထိုင်းလိဂ်-၂ ကလပ် အသင်းများနှင့် မလေးရှားကလပ်အသင်း များက ကမ်းလှမ်းထားသည်။

ဇော်မင်းထွန်းသည် ထိုင်းကလပ်အသင်းများကို ဦးစားပေးရွေးချယ်မည်ဖြစ်ပြီး အဆင်မပြေမှသာ မလေးရှားကလပ်သို့ ပြောင်းရွှေ့မည်ဖြစ်သည်။ ဇော်မင်းထွန်းသည် ၂၀၁၉ ခုနှစ်တွင် ပြည်ပနိုင်ငံများ၌ စတင်သွားရောက်ကစားခဲ့ပြီး ၂၀၁၉ ရာသီတွင် ထိုင်းလိဂ်-၁ကလပ် ချောင်ဘူရီအသင်း၊ ၂၀၂၀-၂၀၂၁ ရာသီတွင် ထိုင်းလိဂ်-၁ ကလပ် ဆူခိုထိုင်းအသင်းတို့၌ ပါဝင်ကစားခဲ့သည်။

ပြီးခဲ့သည့်ရာသီတွင် မြန်မာကစားသမားအချို့ ထိုင်းကလပ်များတွင် သွားရောက်ကစားခဲ့ပြီး ယင်း ကစားသမားများအနက် အောင်သူ(ဘူရီရမ်အသင်း)၊ ဆွမ်လမန် (မြောင်ကန် ယူနိုက်တက်)တို့မှာ စာချုပ် ကျန်ရှိနေသဖြင့် ဆက်လက်ကစားရမည်ဖြစ်ပြီး တိုက်စစ်မှူး ကျော်ကိုကိုမှာလည်း ပြီးခဲ့သည့်ရက်ပိုင်းက ထိုင်း လိဂ်-၂ ကလပ် ဖာရေးယူ နိုက်တက်အသင်းနှင့် စာချုပ်ချုပ်ဆိုခဲ့သည်။

သတင်း-ကိုညီလေး