မြန်မာလူငယ်ကစားသမားများ ပါဝင်သည့်ခြေစမ်းပွဲ ဂျပန်နိုင်ငံ၌ ကျင်းပ

၂၄ ဇွန် 

 

မြန်မာလူငယ်ကစားသမားများ ပါဝင်သည့် Japa Fun Cup ပြိုင်ပွဲကို ဇွန် ၂၂ ရက်က ဂျပန်နိုင်ငံ ဖူကူရှီးမားရှိ J-Village Stadium ၌ ကျင်းပခဲ့သည်။ ယင်းခြေစမ်းပွဲကို ဂျပန်ဘောလုံးအဖွဲ့ချုပ်နှင့် Japan foundation Asia Center တို့ ပူးပေါင်းကျင်းပခြင်းဖြစ်သည်။

 

ခြေစမ်းပွဲအဖြစ် အရှေ့တောင်အာရှ Asian Eleven ယူ-၁၈ အသင်းနှင့် ဂျပန်နိုင်ငံမှ Japan Tohoku Seletion အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး မြန်မာနိုင်ငံမှ နည်းပြအဖြစ် တာကူမာ ( မန္တလေးအကယ်ဒမီ)၊ ကစားသမားများအဖြစ် တိုက်စစ်မှူး ပြည့်ဖြိုးအောင်နှင့် ဂိုးသမား နေလင်းထက်တို့ ပါဝင်ခဲ့သည်။ သာမန်ပွဲကစားချိန်တွင် ဂိုးမရှိသရေကျနေ၍ ပယ်နယ်တီဖြင့် ဆုံးဖြတ်ရာ Asian Eleven အသင်းက ခြောက်ဂိုး-ငါးဂိုးဖြင့် အနိုင်ရခဲ့သည်။ ပယ်နယ်တီ ငါးလုံးစီ ကန်သွင်းအပြီးတွင် သရေကျနေ၍ တစ်လုံးစီ ထပ်ကန်ရာ မြန်မာကစားသမား ပြည့်ဖြိုးအောင် သွင်းသည့်ဂိုးဝင်ပြီး ပြိုင်ဘက်၏ ကန်သွင်းမှုကို မြန်မာဂိုးသမား နေလင်းထက် ကာကွယ်နိုင်ခဲ့၍ အနိုင်ရခဲ့ခြင်းဖြစ်သည်။

 

Asian Eleven အသင်းကို အရှေ့တောင်အာရှနိုင်ငံများမှ နည်းပြတစ်ဦး၊ ကစားသမားနှစ်ဦးစီဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

 

သတင်း- ဖိုးသော်ဇင်

 

ဓာတ်ပုံ- MFF