မြန်မာ့လက်ရွေးစင်အသင်းအတွက် နိုင်ငံခြားသားနည်းပြသစ်တစ်ဦး ခန့်အပ်မည်

ရန်ကုန် ၁၉ ဧပြီ

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်းအတွက် နိုင်ငံခြားသားနည်းပြသစ်တစ်ဦး ခန့်အပ်မည်ဖြစ်ပြီး မကြာမီ ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း သိရသည်။

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ၂၀၁၈ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲတွင် ကိုင်တွယ်ခဲ့သည့် ဂျာမနီ နိုင်ငံသား အန်တွမ်နီဟေးနှင့် လမ်းခွဲပြီးကတည်းက နည်းပြသစ် ခန့်အပ်ရန် စီစဉ်နေခြင်းဖြစ်ပြီး နည်းပြသစ်နှင့် သဘောတူညီမှုရထားပြီဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ယခုနှစ်အတွင်း အဓိက နိုင်ငံတကာ ပြိုင်ပွဲအဖြစ် စက်တင်ဘာမှသာ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲနှင့် ၂၀၂၃ အာရှဖလားခြေစစ်ပွဲ ယှဉ်ပြိုင်ရန် ရှိနေသောကြောင့် နည်းပြသစ်ကို ဧပြီလနောက်ဆုံးပတ် သို့မဟုတ် မေလပထမပတ်မှသာ အတည်ပြုခန့်ထားဖွယ်ရှိနေသည်။

 

မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၁၈ ခုနှစ်တွင် နည်းပြချုပ်နှစ်ဦးနှင့် လမ်းခွဲခဲ့ပြီး မတ်လတွင် ဂတ်ဖရိုင်းဒရစ်၊ ဒီဇင်ဘာတွင် အန်တွမ်နီဟေးနှင့် လမ်းခွဲခဲ့ခြင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ဇွန်လတွင် နိုင်ငံတကာခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး မတ်လအတွင်းက ကစားခဲ့သည့် ခြေစမ်းပွဲနှစ်ပွဲကိုမူ ယာယီနည်းပြချုပ်အဖြစ် ရန်ကုန်အသင်းနည်းပြချုပ် ဦးမျိုးမင်းထွန်းကို တာဝန်ပေးကိုင်တွယ်စေခဲ့သည်။

 

မြန်မာ့လက်ရွေးစင်အသင်းသည် ယင်းခြေစမ်းပွဲများတွင် တရုတ်တိုင်ပေအသင်းနှင့် ဂိုးမရှိသရေကျပြီး အင်ဒိုနီးရှားအသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ဇွန်လတွင်လည်း အာရှ၊ အရှေ့တောင်အာရှနိုင်ငံများမှ လက်ရွေးစင်အသင်းများနှင့် ခြေစမ်းပွဲကစားရန် ဆောင်ရွက်လျက်ရှိသည်။

 

အာရှဘောလုံးအဖွဲ့ချုပ်သည် ၂၀၂၃ အာရှဖလားခြေစစ်ပွဲပွဲစဉ်များအနက် ပထမအဆင့်နှင့် ဒုတိယအဆင့်ကို ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲနှင့်အတူ ကျင်းပမည်ဖြစ်ပြီး တတိယအဆင့်မှသာ သီးခြားကျင်းပမည်ဖြစ်သည်။ ပထမအဆင့်ခြေစစ်ပွဲကို ဇွန်လတွင် အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့စနစ်ဖြင့် ကျင်းပမည်ဖြစ်ပြီး ဒုတိယ အဆင့်ကိုမူ အုပ်စုများခွဲကာ ယှဉ်ပြိုင်စေမည်ဖြစ်သည်။ မြန်မာအသင်းသည် အဆင့်သတ်မှတ်ချက် မြင့်မားခဲ့သောကြောင့် ဒုတိယအဆင့်မှ စတင်ကစားရခြင်းဖြစ်သည်။

 

သတင်း - ညီမြတ်သော်တာ

ဓာတ်ပုံ - စိုးညွန့်