မြန်မာ့လက်ရွေးစင်အသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲနှင့် ၂၀၂၃ အာရှဖလားခြေစစ်ပွဲ

၁၅ ဧပြီ

   

မြန်မာ့လက်ရွေးစင်အသင်းသည် ယခုနှစ်အတွင်း စတင်ကျင်းပမည့် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲနှင့် ၂၀၂၃ အာရှ ဖလားခြေစစ်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

   

အာရှဘောလုံးအဖွဲ့ချုပ်သည် ၂၀၂၃ အာရှဖလားခြေစစ်ပွဲ ပထမအဆင့်နှင့် ဒုတိယအဆင့်ကို ၂၀၂၂ ကမ္ဘာ့ ဖလားခြေစစ်ပွဲနှင့် တစ်ပေါင်းတည်း ကျင်းပမည်ဖြစ်ပြီး တတိယအဆင့်မှသာ သီးခြားကျင်းပမည်ဖြစ်သည်။

 

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) နှင့် အာရှဘောလုံးအဖွဲ့ချုပ်သည် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ (အာရှဇုန်) နှင့် ၂၀၂၃ အာရှဖလားခြေစစ်ပွဲ မဲခွဲရန် ဧပြီလက ထုတ်ပြန်သည့် ကမ္ဘာ့အဆင့်သတ်မှတ်ချက်များအပေါ် မူတည်၍  အုပ်စုခွဲဝေမည်ဖြစ်သည်။

 

အာရှဘောလုံးအဖွဲ့ချုပ်အဖွဲ့ဝင် ၄၆ နိုင်ငံအနက် အဆင့် ၃၅ မှ ၄၆ အထိ ရရှိသည့် အသင်းများမှာ ခြေစစ်ပွဲပထမအဆင့်မှ စတင် ကစားရမည်ဖြစ်ပြီး အဆင့် ၁ မှ ၃၄ နေရာအထိ ရရှိသည့် အသင်းများမှာ ခြေစစ်ပွဲဒုတိယအဆင့်မှ စတင်ကစားရမည်ဖြစ်သည်။ မြန်မာအသင်းသည် အဆင့် ၂၆ နေရာတွင် ရှိသောကြောင့် ဒုတိယအဆင့်ခြေစစ်ပွဲမှ စတင်ကစားရမည်ဖြစ်ပြီး အုပ်စုမဲခွဲပွဲကို ဧပြီ ၁၇ ရက်တွင် မလေးရှားနိုင်ငံ၌ ကျင်းပမည်ဖြစ်သည်။

 

ခြေစစ်ပွဲပထမအဆင့်ကို ဇွန် ၆၊ ၁၁ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ဒုတိယအဆင့်ခြေစစ်ပွဲကို စက်တင်ဘာတွင် စတင်ကျင်းပမည်ဖြစ်သည်။ ဒုတိယအဆင့်ခြေစစ်ပွဲကို စက်တင်ဘာ ၅၊ ၁၀ ရက်၊ အောက်တိုဘာ ၁၀၊ ၁၅ ရက်၊ နိုဝင်ဘာ ၁၄၊ ၁၉ ရက်၊ ၂၀၂၀ ပြည့်နှစ် မတ် ၂၆၊ ၃၁ ရက်၊ ဇွန် ၄၊ ၉ ရက်တွင် ကျင်းပမည်ဖြစ်သည်။

 

မြန်မာ့လက်ရွေးစင်အသင်းသည် အာရှဖလားပြိုင်ပွဲတွင် ပြီးခဲ့သည့် ၂၀၁၉ ပြိုင်ပွဲမှ ခြေစစ်ပွဲတစ်ကျော့ပြန် ပြန်လည်ယှဉ်ပြိုင်ပြီး တတိယအဆင့်ခြေစစ်ပွဲမှ ထွက်ခဲ့ရသည်။

 

မြန်မာအသင်းသည် အာရှဖလားပြိုင်ပွဲတွင် တစ်ကျော့ပြန်ယှဉ်ပြိုင်ခွင့်ရနိုင်သည့် အခွင့်အရေးရခဲ့သော်လည်း အိန္ဒိယနှင့် ကာဂျစ္စတန်တို့ကို မကျာ်ဖြတ်နိုင်၍ ခြေစစ်ပွဲအောင်မြင်ခွင့် ဆုံးရှုံးခဲ့ခြင်းဖြစ်သည်။

   

မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၁၈ ဆူဇူကီးဖလားပြိုင်ပွဲပြီးကတည်းက လေ့ကျင့်မှုရပ်နားထားပြီး နည်းပြချုပ်သစ်မှာလည်း ဧပြီလကုန်ပိုင်းမှသာ ခန့်အပ်မည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ပြီးခဲ့သည့် မတ်လက နိုင်ငံတကာ ခြေစမ်းပွဲနှစ်ပွဲကစားရာ တရုတ်တိုင်ပေနှင့် ဂိုးမရှိသရေကျပြီး အင်ဒိုနီးရှားအသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-စိုးညွန့်