မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်သစ် ခန့်အပ်

၂၀ ဧပြီ

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ့လက်ရွေးစင် အမျိုးသားအသင်း နည်းပြချုပ်အဖြစ် မွန်တီနီ ဂရိုးနိုင်ငံသား ရာဒူလိုဗစ်ကို ခန့်အပ်လိုက်ပြီဖြစ်သည်။

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ရာဒူလိုဗစ်ကို မြန်မာအသင်းနည်းပြချုပ်အဖြစ် ခန့်အပ်ကြောင်း ဧပြီ ၂၀ ရက်က ထုတ်ပြန်ခဲ့ပြီး ရက်ပိုင်းအတွင်း စာချုပ်ချုပ်ဆိုပွဲနှင့် သတင်းစာရှင်းလင်းပွဲ ကျင်းပမည် ဖြစ်သည်။

 

ရာဒူလိုဗစ်နှင့်အတူ လက်ထောက်နည်းပြတစ်ဦးပါ ခန့်အပ်မည်ဖြစ်ပြီး ၎င်းသည် ဧပြီ ၁၈ ရက်ကတည်းက ရန်ကုန်မြို့သို့ ရောက်ရှိနေပြီဖြစ်သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ၂၀၂၀ ဒီဇင်ဘာအထိ စာချုပ် ချုပ်ဆိုမည်ဖြစ်ပြီး ရာဒူလိုဗစ်အနေဖြင့် စက်တင်ဘာတွင် စတင်မည့် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲနှင့် ၂၀၂၃ အာရှဖလားခြေစစ်ပွဲ ဒုတိယအဆင့်၊ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာတွင် ကျင်းပမည့် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲတို့တွင် အောင်မြင်မှုရရှိအောင် စွမ်းဆောင်ပေးရမည် ဖြစ်သည်။

 

ရာဒူလိုဗစ်သည် အာရှအသင်းတစ်သင်းဖြစ်သော လက်ဘနွန်လက်ရွေးစင်အသင်းကို ကာလရှည်ကိုင်တွယ်ခဲ့ဖူးသည့် နည်းပြတစ်ဦးဖြစ်ပြီး  ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ကိုင်တွယ်ခဲ့ကာ ၂၀၁၅ ခုနှစ် အောက်တိုဘာနှင့် ၂၀၁၆ ခုနှစ် မတ်လတွင် ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် မြန်မာ့လက်ရွေးစင်အသင်းနှင့် တွေ့ဆုံခဲ့ဖူးသူဖြစ်သည်။ ၎င်းသည် နည်းပြသက်တမ်း နှစ် ၂၀ နီးပါး ရှိပြီဖြစ်ပြီး ယခင်က ပေါ်တူဂီ၊ မွန်တီနီဂရိုး၊ ကူဝိတ်၊ ကာဇက်စတန်ကလပ်အသင်းများ၊ ဆားဘီးယားနှင့် မွန်တီနီဂရိုး ယူ-၁၉ အသင်း၊ မွန်တီနီဂရိုး ယူ-၂၁ အသင်းတို့ကို ကိုင်တွယ်ခဲ့ဖူးကြောင်း သိရသည်။

 

မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၁၈ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲတွင် တာဝန်ယူခဲ့သည့် ဂျာမနီနိုင်ငံသား အန်တွမ်နီဟေးနှင့် လမ်းခွဲပြီးကတည်းက နည်းပြလက်မဲ့ဖြစ်နေပြီး မတ်လက ကစားခဲ့သည့် နိုင်ငံတကာခြေစမ်းပွဲနှစ်ပွဲတွင် ဦးမျိုးမင်းထွန်းက ယာယီနည်းပြချုပ်အဖြစ် တာဝန်ယူကိုင်တွယ်ခဲ့သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-The daily star