မြန်မာ့လက်ရွေးစင်အသင်း ခြေစမ်းပွဲတွင် အင်ဒိုနီးရှားအနိုင်ရ

၂၅ မတ်

   

ဖီဖာအသိအမှတ်ပြု နိုင်ငံတကာခြေစမ်းပွဲအဖြစ် မြန်မာ့လက်ရွေးစင်အသင်းနှင့် အင်ဒိုနီးရှားလက်ရွေးစင်အသင်းတို့၏ ခြေစမ်းပွဲကို ယနေ့ညနေ ၆ နာရီက မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ ကျင်းပရာ အင်ဒိုနီးရှားအသင်းက နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။

   

မြန်မာအသင်းသည် ပုံမှန်ခြေစွမ်းမရသောကြောင့် အင်ဒိုနီးရှားကို အရှုံးပေးခဲ့ရခြင်းဖြစ်သည်။ အမာခံကစားသမားများ အပါအဝင် ကစားသမားအများစုမှာ ပုံမှန်ခြေစွမ်းအောက် ရောက်နေသောကြောင့် မြန်မာအသင်းအနေဖြင့် ရုန်းကန်ခဲ့ရခြင်းဖြစ်သည်။ မြန်မာအသင်းသည် ဂိုးပေးလိုက်ရပြီးနောက်ပိုင်းတွင် ချေပဂိုးရနိုင်သည့် ပယ်နယ်တီကန်ခွင့်ရသော်လည်း ဝင်အောင်မသွင်းနိုင်၍ အခက်တွေ့ခဲ့ရပြီး ရှုံးပွဲကြုံတွေ့ခဲ့ခြင်းဖြစ်သည်။
    

မြန်မာအသင်းနည်းပြချုပ် ဦးမျိုးမင်းထွန်းသည် ပွဲထွက်လူစာရင်းကို အပြောင်းအလဲအချို့ပြုလုပ်ခဲ့ပြီး တရုတ်တိုင်ပေနှင့်ပွဲတွင် ပွဲထွက်ခဲ့သည့် ဇော်မင်းထွန်း၊ လှိုင်းဘိုဘို၊ ဝင်းနိုင်စိုး၊ မောင်မောင်လွင်၊ ရန်နိုင်ဦး၊ သက်နိုင်၊ ပြည့်ဖြိုးဇော်တို့ကို ပြန်လည်အသုံးပြုကာ အောင်သူ၊ ငြိမ်းချမ်းအောင်၊ ကျော်ဇင်ဖြိုး (ဂိုး)နှင့် ဟိန်းနေဆန်းတို့ကို ပွဲထွက်လူစာရင်းတွင် အသုံးပြုခဲ့သည်။ 

 

မြန်မာအသင်းသည် ပထမပိုင်းတွင် ကစားကွက်တည်မရဖြစ်နေပြီး အဓိက ကစားသမားများပင် အမှားများနေသောကြောင့် အင်ဒိုနီးရှားအသင်း၏ ဖိအားပေးခြင်းကို ခံခဲ့ရသည်။ မြန်မာအသင်းသည် ကွင်းလယ်နှင့် တိုက်စစ် ချိတ်ဆက်ရာတွင် လိုအပ်ချက်များရှိနေသောကြောင့် ပထမပိုင်းတွင် ဂိုးပေါက်ခြိမ်းခြောက်မှုအချို့သာ ပြုလုပ်နိုင်ခဲ့သည်။ 

 

အင်ဒိုနီးရှားအသင်းသည် ပွဲစကတည်းက မြန်မာအသင်းဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခဲ့ပြီး တိုက်စစ်တွဲလုံးများကို မြန်မာခံစစ် ခက်ခက်ခဲခဲ ထိန်းချုပ်ခဲ့ရသည်။ ၃၅ မိနစ် အတွင်း ဂိုးရနိုင်သည့်အခွင့်အရေး ငါးကြိမ်ထက်မနည်း အင်ဒိုနီးရှားအသင်း ဖန်တီးနိုင်ခဲ့ပြီး အဆုံးသတ်အားနည်းခြင်း၊ မြန်မာဂိုးသမား ကျော်ဇင်ဖြိုး ကာကွယ်နိုင်ခဲ့ခြင်းကြောင့် မြန်မာအသင်း စောစီးစွာ ဂိုးမပေးခဲ့ရခြင်းဖြစ်သည်။ မိနစ် ၄၀ တွင် အင်ဒိုနီးရှားအသင်း ဂိုးစရခဲ့ပြီး မြန်မာအသင်းခေါင်းဆောင် လှိုင်းဘိုဘို၏ အမှားမှတစ်ဆင့် လီလီပါလီ ဘောလုံးရသွားပြီး ဖန်တီးပေးမှုကို အန်ဝိုကိုလိုက သွင်းယူခဲ့ခြင်းဖြစ်သည်။ ၄၂ မိနစ်တွင်တိုက်စစ်မှူးအောင်သူကြောင့် မြန်မာအသင်း ပယ်နယ်တီကန်ခွင့်ရခဲ့သော်လည်း ငြိမ်းချမ်းအောင်၏ ကန်သွင်းမှုကို အင်ဒိုနီးရှားဂိုးသမား ကာကွယ်နိုင်ခဲ့သည်။ ဒုတိယပိုင်းတွင် အင်ဒိုနီးရှားအသင်းက ကစားသမားများ အပြောင်းအလဲပြုလုပ်ခဲ့သလို မြန်မာအသင်းကလည်း ချေပဂိုးရရန် တိုက်စစ်အားမြင့်ခဲ့သည်။

 

မြန်မာကစားသမားအများစုမှာ ပုံမှန်ခြေစွမ်းအောက် ရောက်နေသောကြောင့် ကစားကွက်နှင့် ကစားအားမှာ တက်မလာဘဲ ချေပဂိုးရရန် ရုန်းကန်ခဲ့ရသည်။ ၈၃ မိနစ်တွင် အင်ဒိုနီးရှားအသင်း ပယ်နယ်တီကန်ခွင့်ရခဲ့ပြီး ဆာပါဆိုဂျီဗစ်က ဒုတိယဂိုးသွင်းယူခဲ့သည်။ ဒုတိယပိုင်းတွင် မြန်မာအသင်း ချေပဂိုးရနိုင်သည့် အခွင့်အရေးအချို့ပြန်ရခဲ့သော်လည်း အဆုံးသတ်အားနည်းသောကြောင့် ဂိုးမရဘဲ အရေးနိမ့်ခဲ့သည်။

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်