မြန်မာ့လက်ရွေးစင်အသင်း ခြေစမ်းပွဲကစားရန် တရုတ်နိုင်ငံသို့ ထွက်ခွာ

ရန်ကုန် ၂၆ သြဂုတ်

မြန်မာ့လက်ရွေးစင်အသင်းသည် စက်တင်ဘာတွင် ယှဉ်ပြိုင်ကစားရမည့် ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် တရုတ်နိုင်ငံ၌ ခြေစမ်းပွဲကစားရန် ယနေ့ညနေပိုင်းက တရုတ်နိုင်ငံသို့ ထွက်ခွာသွားသည်။

မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် ရာဒူလိုဗစ်သည် အပြီးသတ်လူစာရင်းကို သြဂုတ် ၂၆ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ပုံမှန်ပါဝင်နေသည့် ကစားသမားများအပြင် နန္ဒကျော်၊ ကျော်ဇင်လွင်နှင့် ဆွမ်လမန်တို့ ပြန်လည်ရွေးချယ်ခံခဲ့ရသလို ဂိုးသမား ပြည့်လျှံအောင်လည်း လက်ရွေးစင်အသင်းတွင် ပထမဆုံး ရွေးချယ်ခံခဲ့ရသည်။ မြန်မာ့လက်ရွေးစင်အသင်းသည် သြဂုတ် ၃၀ ရက်တွင် တရုတ်လက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ယင်းပွဲအပြီးတွင် မွန်ဂိုလီးယားနိုင်ငံသို့ ထွက်ခွာမည်ဖြစ်သည်။ 

မြန်မာ့လက်ရွေးစင်အသင်းသည် စက်တင်ဘာ ၅၊ ၁၀ ရက်တွင် ယှဉ်ပြိုင်ရမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် ကြိုတင်ပြင်ဆင်နေခြင်းဖြစ်ပြီး စက်တင်ဘာ ၅ ရက်တွင် ကစားရမည့် မွန်ဂိုလီးယားအသင်းနှင့် အဝေးကွင်းပွဲ အတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် တရုတ်အသင်းနှင့် ခြေစမ်းခြင်းဖြစ်သည်။ 

မြန်မာ့လက်ရွေးစင်အသင်းသည် ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် စက်တင်ဘာ ၅ ရက်တွင် မွန်ဂိုလီးယားအသင်းနှင့် အဝေးကွင်း၊ စက်တင်ဘာ ၁၀ ရက်တွင် ဂျပန်အသင်းနှင့် အိမ်ကွင်း ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ 

ကမ္ဘာ့ဖလားခြေစစ်ပွဲနှင့် ခြေစမ်းပွဲကစားမည့် မြန်မာ့လက်ရွေးစင်အသင်းတွင် ဂိုးသမား-ကျော်ဇင်ထက် (ရန်ကုန်)၊ ကျော်ဇင်ဖြိုး (ဧရာဝတီ)၊ ပြည့်လျှံအောင် (ရတနာပုံ)၊ နောက်တန်း-ဇော်မင်းထွန်း (ချောင်ဘူရီ)၊ စိုးမိုးကျော်၊ ဇော်လင်း၊ ကျော်ဇင်လွင် (ဧရာဝတီ)၊ ပြည့်ဖြိုးဇော် (ရန်ကုန်)၊ ဒေးဗစ်ဒန်း၊ နန္ဒကျော် (ရှမ်း)၊ သိန်းသန်းဝင်း (ရတနာပုံ)၊ အလယ်တန်း-ရန်အောင်ကျော်၊ မောင်မောင်လွင် (ရန်ကုန်)၊ လွင်မိုးအောင် (ဧရာဝတီ)၊ လှိုင်းဘိုဘို၊ စည်သူအောင် (ရတနာပုံ)၊ ကြည်လင်း (ဇွဲကပင်)၊ ဆွမ်လမန် (ရှမ်း)၊ ကောင်းစည်သူ (Southern)၊ ရှေ့တန်း-ကျော်ကိုကို (ဆာမတ်ပရာခန်)၊ အောင်သူ (မြောင်တောင်)၊ ဝင်းနိုင်စိုး (ရတနာပုံ) နှင့် သန်းပိုင် (ရန်ကုန်) တို့ ပါဝင်ကြသည်။

သတင်း-ညီမြတ်သော်တာ၊ ဓာတ်ပုံ-စိုးညွန့်