မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း အိုလံပစ်ခြေစစ်ပွဲအတွက် မန္တလေးမြို့၌ အပြီးသတ်ပြင်ဆင်မှုများ ပြုလုပ်မည်

၂၄ မတ် 

 

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ဧပြီလဆန်းတွင် ယှဉ်ပြိုင်ရမည့် အိုလံပစ် အမျိုးသမီးဘောလုံးဒုတိယအဆင့်ခြေစစ်ပွဲအတွက် မန္တလေးမြို့၌ အပြီးသတ်ပြင်ဆင်မှုများ ပြုလုပ်သွားမည်ဖြစ်သည်။

 

မြန်မာအမျိုးသမီးအသင်းသည် အိုလံပစ်ခြေစစ်ပွဲမတိုင်မီ နိုင်ငံတကာခြေစမ်းပွဲအဖြစ် အာဆီယံထိပ်သီး ဗီယက်နမ်လက်ရွေးစင်အသင်းနှင့် နှစ်ပွဲယှဉ်ပြိုင်ကစားရာ တစ်ပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ခဲ့သည်။ ယင်းခြေစမ်းပွဲကို မတ် ၂၁၊ ၂၃ ရက်တွင် မန္တလေးမြို့၌ ကျင်းပခဲ့ပြီး မြန်မာအသင်းသည် ပထမပွဲတွင် တစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သော်လည်း ဒုတိယပွဲတွင် သုံးဂိုး-နှစ်ဂိုးဖြင့် ပြန်လည်အနိုင်ရခဲ့သည်။ မြန်မာအမျိုးသမီးအသင်းသည် အိုလံပစ်ခြေစစ်ပွဲမတိုင်မီ တစ်ပတ်ကျော်ကာလအတွင်း ခြေစမ်းပွဲမှ လိုအပ်ချက်၊ အားနည်းချက်များကို ပြန်လည်ပြင်ဆင်မည်ဖြစ်ပြီး မန္တလေးမြို့ အခြေစိုက် လူငယ်အမျိုးသားအသင်းများနှင့် ခြေစမ်းပွဲကစားကာ အပြီးသတ်လုရွေးချယ်မည်ဖြစ်သည်။ အိုလံပစ်ဒုတိယအဆင့်ခြေစစ်ပွဲကို ဧပြီ ၃ ရက်မှ ၉ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အိန္ဒိယ၊ အင်ဒိုနီးရှား၊ နီပေါတို့နှင့် တစ်အုပ်စုတည်းကျရောက်နေသည်။ 

 

မြန်မာအသင်းသည် ဒုတိယအဆင့်ကိုလည်း အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရထားပြီး မန္တလာသီရိကွင်း၌ လက်ခံကျင်းပမည်ဖြစ်သည်။  မြန်မာအမျိုးသမီးအသင်းသည် အိုလံပစ်ခြေစစ်ပွဲအတွက် ဒီဇင်ဘာကတည်းက ပြင်ဆင်ခဲ့ပြီး အိန္ဒိယဖိတ်ခေါ်ပြိုင်ပွဲ ယှဉ်ပြိုင်ရာတွင်လည်း ချန်ပီယံဆုရခဲ့သည်။

 

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းတွင်  နည်းပြချုပ် - ဦးဝင်းသူမိုး၊ လက်ထောက်နည်းပြ-ဦးခင်မောင်ထွေး၊ ဦးစထက်နိုင်ဝင်း၊ ဒေါ်ဇင်မာဝမ်း၊ ဂိုးနည်းပြ -ဦးမြကိုမင်း၊ အားကစားသမားများအဖြစ် ဂိုးသမား - ဇာဇာမြင့်၊ မေဇင်နွယ်၊ မေသဇင်ထွန်း၊ နောက်တန်း-  ဝေဝေအောင်၊ အိရတနာဖြိုး၊ ခင်သန်းဝေ၊ အေးအေးမိုး၊ ခင်မျိုးဝင်း၊ ချစ်ချစ်၊ ခိုင်သဇင်၊ ဇင်ဇင်နိုင်၊ အလယ်တန်း- ရူပါခိုင်၊ ငယ်ငယ်ထွေး၊ ခင်မိုမိုထွန်း၊ သန္တာဦး၊ သင်းသင်းယု၊ လဲ့လဲ့လှိုင်၊ နုနု၊ ခင်မိုးဝေ၊ ခင်မာလာထွန်း၊ ရှေ့တန်း - ရီရီဦး၊ ဝင်းသိင်္ဂီထွန်း၊ လှယဉ်ဝင်း၊ ဂျူလိုင်ကျော်တို့ ပါဝင်ကြသည်။

 

သတင်း-ညီမြတ်သော်တာ

 

ဓာတ်ပုံ-စိုးညွန့်