မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းတိုက်စစ်မှူး ဝင်းသိင်္ဂီထွန်း အိန္ဒိယကလပ်၌ သွားရောက် ကစားမည်

ရန်ကုန်   စက်တင်ဘာ   ၂၆

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းတိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းသည် အိန္ဒိယကလပ်အသင်းတွင် ကာလတိုစာချုပ်ဖြင့် သွားရောက်ကစားမည်ဖြစ်သည်။

ဝင်းသိင်္ဂီထွန်းသည် အိန္ဒိယအမျိုးသမီးလိဂ်ချန်ပီယံအသင်းဖြစ်သော Gokulam Kerala FC(GKFC) အသင်းသို့ ကာလတိုစာချုပ်ဖြင့်  ပြောင်းရွှေ့ကစားမည်ဖြစ်ပြီး အောက်တိုဘာနောက်ဆုံးပတ်တွင် သွားရောက်ပူးပေါင်းမည်ဖြစ်သည်။ ဝင်းသိင်္ဂီထွန်းသည် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း အောက်တိုဘာ ၁၈ ရက်မှ ၂၄ ရက် အထိ ယှဉ်ပြိုင်ရမည့် အာရှဖလားအမျိုးသမီးခြေစစ်ပွဲအပြီးတွင် သွားရောက်ပူးပေါင်းမည်ဖြစ်သည်။ Gokulam Kerala FC အသင်းသည် နိုဝင်ဘာလအတွင်း ကျင်းပမည့် AFC Women's Club  Championship ပြိုင်ပွဲအတွက် မြန်မာတိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းကို  ခေါ်ယူခြင်း ဖြစ်သည်။

Gokulam Kerala FC အသင်းသည် နောက်ဆုံးကျင်းပသည့် ၂၀၁၉-၂၀၂၀ ရာသီ အိန္ဒိယအမျိုးသမီးလိဂ် ပြိုင်ပွဲတွင် ချန်ပီယံဖြစ်ခဲ့သဖြင့် AFC Women'sclub  Championship ပြိုင်ပွဲအတွက် ယှဉ်ပြိုင်ခွင့်ရခဲ့ ခြင်းဖြစ်သည်။

ပထမဆုံး ပြည်ပထွက်ကစားသူအဖြစ် မှတ်တမ်းဝင်

“အိန္ဒိယလိဂ်ရဲ့ လက်ရှိချန်ပီယံအသင်းဖြစ်သလို နိုင်ငံတကာအတွေ့အကြုံရှိတဲ့ နည်းပြ၊ လက်ရွေးစင် အဆင့် ကစားသမားတွေ ရှိနေတဲ့အသင်းကို ပြောင်းရွှေ့ခွင့်ရတာ တကယ်ကို ဝမ်းသာမိပါတယ်။ အသင်းဖော်တွေနဲ့အတူ အာရှအမျိုးသမီးကလပ် ချန်ပီယံရှစ်မှာ အောင်မြင်မှုရဖို့ ကြိုးစားသွားမှာပါ။ ပြည်ပထွက်ကစားခွင့်ရတဲ့ ပထမဆုံးအမျိုးသမီး ဘောလုံးသမားဖြစ်လို့ ဝမ်းသာတယ်။ ဂုဏ်လည်း ယူပါတယ်။ မြန်မာအမျိုးသမီး ဘောလုံးသမားတွေမှာ ပြည်ပထွက်ကစားနိုင်တဲ့ ခြေစွမ်းတွေ အရည် အချင်းတွေရှိတယ်။ ပထမဆုံး ထွက်ကစားရတာဖြစ်လို့ နောက်ကလိုက်လာမယ့် လူတွေအတွက်ပါ အစွမ်းကုန်ကြိုးစား ကစားသွားမှာပါ”ဟု ဝင်းသိင်္ဂီထွန်းက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဝက်ဘ်ဆိုက် သို့ ပြောကြားခဲ့သည်။

ဝင်းသိဂီထွန်းသည် မြန်မာအမျိုးသမီး ဘောလုံးသမားများတွင် ပထမဆုံးပြည်ပထွက်ကစားသူအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

သတင်း - ကိုညီလေး

ဓာတ်ပုံ - ရန်နိုင်