မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း တရုတ်ကလပ်အသင်းများနှင့် ခြေစမ်းပွဲကစားမည်

ရန်ကုန် ၂၆ ဇွန်

၂၀၁၉ အာဆီယံ အမျိုးသမီးပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် တရုတ်ကလပ်အသင်းများနှင့် ခြေစမ်းပွဲယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် တရုတ်ဘောလုံးအဖွဲ့ချုပ်တို့၏ ညိနှိုင်းမှုအရ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ပြိုင်ပွဲအကြိုပြင်ဆင်မှုအဖြစ် ဇူလိုင် ၂၅ ရက်မှ ဩဂုတ် ၄ ရက်အထိ တရုတ်နိုင်ငံ ပေကျင်းမြို့၌ သွားရောက်လေ့ကျင့်မည်ဖြစ်ပြီး ခြေစမ်းပွဲသုံးပွဲကစားမည်ဖြစ်သည်။ 

မြန်မာအမျိုးသမီးအသင်းသည် တရုတ်ပထမတန်းကလပ် ပေကျင်းအသင်း၊ ဒုတိယတန်းကလပ် ဟီဘီအသင်းတို့နှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး နောက်ထပ်တစ်သင်းအား ညှိနှိုင်းလျက်ရှိသည်။ မြန်မာအမျိုးသမီးအသင်းသည် ဩဂုတ်တွင် ကျင်းပမည့် ၂၀၁၉ အာဆီယံအမျိုးသမီးပြိုင်ပွဲအတွက် ဇွန် ၁၂ ရက်မှစ၍ ပဏာမကစားသမား ၂၆ ဦးဖြင့် လေ့ကျင့်ပြင်ဆင်လျက်ရှိပြီး ဇွန် ၂၈ ရက်မှ ဇူလိုင် ၅ ရက်အထိ မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တို့၌ သွားရောက်လေ့ကျင့်ကာ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ 

မြန်မာအမျိုးသမီးအသင်းသည် ယခုနှစ်အတွင်း အဓိကပြိုင်ပွဲများ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အာဆီယံပြိုင်ပွဲတွင်လည်း ထိုက်သင့်သည့်အောင်မြင်မှုရရန် ပြင်ဆင်နေခြင်းဖြစ်သည်။   မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းတွင် နည်းပြချုပ်- ဦးဝင်းသူမိုး၊ လက်ထောက်နည်းပြ- ဦးခင်မောင်ထွေး၊ ဦးစထက်နိုင်ဝင်း၊ ဒေါ်သန်းသန်းထွေး၊ ဂိုးနည်းပြ- ဦးမြကိုမင်း၊ ဂိုး- ဇာဇာမြင့် (အား/ကာသိပ္ပံ)၊ မေဇင်နွယ်၊ သန္တာဦး (မြဝတီ)၊ ခိုင်ဇာဝင်း (အား/ကာ)၊ နောက်တန်း- အိရတနာဖြိုး၊ ဝေဝေအောင်၊ ခင်မျိုးဝင်း၊ ဇင်ဇင်နိုင် (အား/ကာသိပ္ပံ)၊ အေးအေးမိုး၊ ခင်သန်းဝေ၊ ခိုင်သဇင် (မြဝတီ)၊ ချစ်ချစ် (သစ္စာအားမာန်)၊ ဖြူဖြူဝင်း (YREO)၊ အလယ်တန်း- ငယ်ငယ်ထွေး၊ ခင်မိုမိုထွန်း (သစ္စာ အားမာန်)၊ ခင်မာလာထွန်း၊ သင်းသင်းယု၊ ခိုင်သဇင်ဦး (အား/ကာသိပ္ပံ)၊ လဲ့လဲ့လှိုင် (ဇွဲကပင်)၊ မေသူကျော် (မြဝတီ)၊ ရှေ့တန်း- ခင်မိုးဝေ၊ ဂျူလိုင်ကျော် (သစ္စာအားမာန်)၊ နုနု၊ ရီရီဦး (အားကာသိပ္ပံ)၊ ဝင်းသိင်္ဂီထွန်း (မြဝတီ)နှင့်  မြတ်နိုးခင် (YREO) တို့ ပါဝင်ကြသည်။

မြန်မာအမျိုးသမီးအသင်းသည် နှစ်ဆန်းပိုင်းကတည်းက နိုင်ငံတကာပြိုင်ပွဲများ ဆက်တိုက်ယှဉ်ပြိုင်ခဲ့ပြီး ဖေဖော်ဝါရီတွင် အိန္ဒိယဖိတ်ခေါ်ပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့ရာ ချန်ပီယံဆုရခဲ့ပြီး ဧပြီတွင် ယှဉ်ပြိုင်သည့် ၂၀၂၀ အိုလံပစ် အမျိုးသမီးဘောလုံး ဒုတိယအဆင့်ခြေစစ်ပွဲတွင် ခြေစစ်ပွဲအောင်မြင်ပြီး တတိယအဆင့်ခြေစစ်ပွဲသို့ တက်ရောက်နိုင်ခဲ့သည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်