မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ဖေဖော်ဝါရီ ၂၇ ရက်စတင်လေ့ကျင့်မည်

၂၄  ဖေဖော်ဝါရီ

 

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ဧပြီတွင်ကျင်းပမည့် ၂၀၂၀ တိုကျိုအိုလံပစ် အမျိုးသမီးဘောလုံး ဒုတိယအဆင့်ခြေစစ်ပွဲ ယှဉ်ပြိုင်ရန် ဖေဖော်ဝါရီ ၂၇ ရက်တွင် စတင်လေ့ကျင့်မည်ဖြစ်သည်။

 

မြန်မာအမျိုးသမီးအသင်းသည် Hero Gold Cup အိန္ဒိယဖိတ်ခေါ်ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သောကြောင့် ယင်းပြိုင်ပွဲအပြီးတွင် လေ့ကျင့်မှုရပ်နားထားခြင်းဖြစ်ပြီး လကုန်ပိုင်းမှသာ ပြန်လည်လေ့ကျင့်ရန် စီစဉ်ထားခြင်းဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် ပဏာမကစားသမား ၂၄ ဦးဖြင့် လေ့ကျင့်ပြင်ဆင်သွားမည်ဖြစ်ပြီး ခြေစစ်ပွဲအတွက် ပြင်ဆင်ချိန် တစ်လကျော်ရရှိမည်ဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် ခြေစစ်ပွဲမတိုင်မီ ပြည်တွင်း၊ ပြည်ပခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ထိုင်းလက်ရွေးစင်အသင်းနှင့်လည်း ခြေစမ်းပွဲကစားခွင့်ရရန် ကြိုးပမ်းလျက်ရှိသည်။ မြန်မာအမျိုးသမီးအသင်းသည် အိုလံပစ်ဒုတိယအဆင့်ခြေစစ်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရထားပြီး မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ ကျင်းပမည်ဖြစ်သည်။ မြန်မာအသင်းသည် ယင်းခြေစစ်ပွဲတွင် အိန္ဒိယ၊ နီပေါ၊ အင်ဒိုနီးရှားတို့နှင့် တစ်အုပ်စုတည်းကျရောက်နေသည်။

 

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းတွင်  နည်းပြချုပ် - ဦးဝင်းသူမိုး၊ လက်ထောက်နည်းပြ-ဦးခင်မောင်ထွေး၊ ဦးစထက်နိုင်ဝင်း၊ ဒေါ်ဇင်မာဝမ်း၊ ဂိုးနည်းပြ -ဦးမြကိုမင်း၊ အားကစားသမားများအဖြစ် ဂိုးသမား - ဇာဇာမြင့်၊ မေဇင်နွယ်၊ မေသဇင်ထွန်း၊ နောက်တန်း-  ဝေဝအောင်၊ အိရတနာဖြိုး၊ ခင်သန်းဝေ၊ အေးအေးမိုး၊ ခင်မျိုးဝင်း၊ ချစ်ချစ်၊ ခိုင်သဇင်၊ ဇင်ဇင်နိုင်၊ အလယ်တန်း- ရူပါခိုင်၊ ငယ်ငယ်ထွေး၊ ခင်မိုမိုထွန်း၊ သန္တာဦး၊ သင်းသင်းယု၊ လဲ့လဲ့လှိုင်၊ နုနု၊ ခင်မိုးဝေ၊ ခင်မာလာထွန်း၊ ရှေ့တန်း - ရီရီဦး၊ ဝင်းသိင်္ဂီထွန်း၊ လှယဉ်ဝင်း၊ ဂျူလိုင်ကျော်တို့ ပါဝင်ကြသည်။

 

သတင်း-ညီမြတ်သော်တာ