မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နှစ်လယ်ပိုင်းနောက်ပိုင်း စတင်လေ့ကျင့်ရန် စီစဉ်

၃ ဇွန်

 

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် နိုင်ငံတကာပြိုင်ပွဲများယှဉ်ပြိုင်ရန် နှစ်လယ်ပိုင်းနောက်ပိုင်း စတင်လေ့ကျင့်ရန် စီစဉ်ထားသည်။

 

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို မေလက နည်းပြချုပ်သစ် ခန့်အပ်ခဲ့ပြီး နှစ်ဆန်းပိုင်းတွင် ယာယီနည်းပြချုပ်အဖြစ် တာဝန်ယူခဲ့သည့် ဦးတင်မြင့်အောင် ခန့်အပ်ခံခဲ့ရသည်။ ဦးတင်မြင့်အောင်သည် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို အိုလံပစ်တတိယအဆင့်ခြေစစ်ပွဲ ယှဉ်ပြိုင်ခဲ့သည့်အသင်းအား အခြေခံဖွဲ့စည်းမည်ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်အခြေအနေအေပါ်မူတည်၍ အမြန်ဆုံးလေ့ကျင့်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ဖေဖော်ဝါရီလကတည်းက လေ့ကျင့်မှုရပ်နားထားရသောကြောင့် ကာလရှည်လေ့ကျင့်မှုမပြတ်စေရန် ကြိုးပမ်းလျက်ရှိပြီး ယခုနှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲယှဉ်ပြိုင်ရန်မရှိပါကလည်း လေ့ကျင့်မှုစတင်ပြုလုပ်သွားမည်ဖြစ်သည်။

 

mdn

 

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ၂၀၂၁ ခုနှစ်တွင် ကျင်းပမည့် အာရှဖလားခြေစစ်ပွဲ၊ အာဆီယံ အမျိုးသမီးပြိုင်ပွဲနှင့် ဗီယက်နမ်ဆီးဂိမ်းစ်ပြိုင်ပွဲတို့အတွက် ရည်ရွယ်လေ့ကျင့်ပြင်ဆင်သွားမည်ဖြစ်သည်။ ယခုနှစ်အတွင်း ကျင်းပရန် စီစဉ်ထားသည့် အာဆီယံ အမျိုးသမီးပြိုင်ပွဲမှာ ကိုရိုနာဗိုင်းရပ်စ်အခြေအနေကြောင့် ကျင်းပနိုင်ရန် မသေချာသေးဘဲ ယင်းပြိုင်ပွဲမကျင်းပဖြစ်ပါက မြန်မာအမျိုးသမီးအသင်းအနေဖြင့် လာမည့်နှစ်မှသာ နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

 

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း၏ နည်းပြချုပ်သစ်ဖြစ်လာသူ ဦးတင်မြင့်အောင်သည် ယင်းအသင်းတွင် အုပ်ချုပ်သူအဖြစ် ၂၀၁၈ ခုနှစ်ကတည်းက ဆောင်ရွက်လာသူဖြစ်ပြီး ယခင်နည်းပြချုပ်ဟောင်း ဦးဝင်းသူမိုးနှင့် စာချုပ်သက်တမ်းကုန်ဆုံးအပြီးတွင် ၎င်းအားနည်းပြချုပ်အဖြစ် တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။ ဦးတင်မြင့်အောင်သည် ဖေဖော်ဝါရီလက ကျင်းပသည့် အိုလံပစ်တတိယအဆင့်ခြေစစ်ပွဲတွင် ယာယီနည်းပြချုပ်အဖြစ် ကိုင်တွယ်ခဲ့ပြီး တောင်ကိုရီးယားနှင့် ဗီယက်နမ်အသင်းတို့ကို ရှုံးနိမ့်ခဲ့သောကြောင့် နောက်တစ်ဆင့်တက်ရောက်ခွင့် ဆုံးရှုံးခဲ့ခြင်းဖြစ်သည်။

 

သတင်း- ညီမြတ်သော်တာ

ဓာတ်ပုံ- စိုးညွန့်