မြန်မာကျပ်ငွေဖြင့် ရောင်းချပေးသည့် ကျောက်မျက်ရတနာပြပွဲ တတိယနေ့ ဆက်လက်ကျင်းပ

နေပြည်တော် ၁၀  ဇွန် 

 

မြန်မာကျပ်ငွေဖြင့် ရောင်းချပေးသည့် ကျောက်မျက်ရတနာပြပွဲ တတိယနေ့ကို ယနေ့နံနက်ပိုင်းမှစတင်၍ နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက် ကျင်းပသည်။

 

ယနေ့ပြပွဲတွင် နံနက် ၉နာရီမှ စတင်၍ ကျောက်မျက်အတွဲများကို အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ရောင်းချခဲ့ရာ တင်ပြအတွဲ ၂၆၀ တွင် ၄၉ တွဲကို ငွေကျပ်သန်း ၃၆၂ ဒသမ ဝ၉၉ သန်းဖြင့် ရောင်းချခဲ့ရကြောင်း သိရသည်။

 

ထို့ပြင် ကျောက်စိမ်းအတွဲများကို ဇွန် ၁၁ရက်တွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် စတင် ရောင်းချပေးသွားမည် ဖြစ်ပြီး ယနေ့တွင် ရတနာကုန်သည်များအနေဖြင့် မဏိရတနာ ကျောက်စိမ်းခန်းမနှင့် ခန်းမဝန်းအတွင်း နယ်မြေခွဲ၍ ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို ကြည့်ရှုစစ်ဆေးခြင်းနှင့် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည့် ကျောက်စိမ်းအတွဲများ အတွက် ဈေးနှုန်း အဆိုပြုလွှာများကို သက်ဆိုင်ရာ တင်ဒါပုံးများ တွင်ထည့်သွင်းကြသည်။

 

ယခုကျင်းပသည့် ကျောက်မျက်ရတနာပြပွဲတွင် ကျောက်စိမ်းအတွဲ အမှတ်(၁)မှ အတွဲအမှတ် (၁၀၅၀) ထိ ၁၀၅၀တွဲကို ဇွန် ၁၁ရက်တွင်လည်းကောင်း၊ ကျောက်စိမ်း အတွဲ အမှတ်(၁၀၅၁) မှ အတွဲအမှတ် (၂၁၀ဝ)ထိ ၁၀၅၀တွဲကို ဇွန် ၁၂ရက်တွင်လည်း ကောင်း၊ ကျောက်စိမ်းအတွဲ အမှတ်(၂၁၀၁)မှ အတွဲအမှတ် (၃၁၀၈)ထိ ၁၀ဝ၈ တွဲကို ဇွန် ၁၃ ရက်တွင်လည်းကောင်း အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမည် ဖြစ် ကြောင်းသိရသည်။

 

အဆိုပါ ပြပွဲကို ပြည်တွင်းကုန်သည်ငယ်များ ကုန်ကြမ်းရရှိရန်နှင့် လုပ်ငန်းရှင်များ ဝင်ငွေ ရရှိရန်အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး ပုတီး၊ လက်ကောက် များ ပြုလုပ်နိုင်ရန် အတွက် ကျောက်အမျိုးအစားမျိုးစုံ ရောင်းချလျက်ရှိကြောင်း သိရသည်။

 

သတင်း-အောင်ရဲသွင်
ဓာတ်ပုံ-ကိုကိုလေး