မြန်မာကလပ်များ ယှဉ်ပြိုင်မည့် 2022 AFC Cup ပြိုင်ပွဲ အုပ်စုမဲခွဲ

ရန်ကုန် ဇန်နဝါရီ ၁၈

 

အာရှဘောလုံးအဖွဲ့ချုပ်က စီစဉ်ကျင်းပသည့် 2022 AFC Cup ပြိုင်ပွဲ အုပ်စုမဲခွဲပွဲကို ဇန်နဝါရီ ၁၇ ရက်က အွန်လိုင်းမှတစ်ဆင့် ပြုလုပ်ခဲ့ပြီး မြန်မာကလပ် ရှမ်းယူနိုက်တက်အသင်းက အာဆီယံဇုန်အုပ်စု (H) နှင့် ဟံသာဝတီအသင်းက အုပ်စု (I) တို့တွင် ကျရောက်ခဲ့သည်။

 

2022 AFC Cup ပြိုင်ပွဲများကို ဇုန်များခွဲ၍ ပြုလုပ်မည်ဖြစ်ပြီး မြန်မာကလပ်များမှာမူ အာဆီယံဇုန်တွင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အာဆီယံဇုန်တွင် အသင်း ၁၂ သင်း ပါဝင်မည် ဖြစ်ပြီး လေးသင်း အုပ်စုခွဲကာ ပြုလုပ်မည် ဖြစ်သည်။ အုပ်စုခွဲဝေထားမှုအရ အာဆီယံ ဇုန် အုပ်စု (G) တွင် ကာယာ (ဖိလစ်ပိုင်)၊ ဘာလီ ယူနိုက်တက် (အင်ဒိုနီးရှား)၊ ကီဒက်ရှ် (မလေးရှား)၊ ခြေစစ်ပွဲအောင်အသင်း အုပ်စု (H) တွင် ကွာလာလမ်ပူစီးတီး (မလေးရှား)၊ ရှမ်းယူနိုက်တက် (မြန်မာ)၊ တမ်ပနိစ်ရိုဗာ (စင်ကာပူ)၊ မာကာဆာ (အင်ဒိုနီးရှား)၊ အုပ်စု (I)တွင် ဗီတယ်လ် (ဗီယက်နမ်)၊ ဟောင်အန်ယူနိုက်တက် (စင်ကာပူ)၊ ဖနွမ်းပင်ခယောင်း (ကမ္ဘောဒီးယား)၊ ဟံသာဝတီ(မြန်မာ)တို့ ပါဝင်နေသည်။

 

ခြေစစ်ပွဲအဖြစ် ကမ္ဘောဒီးယားကလပ် ဗီဆာခါအသင်းနှင့် လာအိုကလပ် Young Elephants အသင်းတို့ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အနိုင်ရသည့်အသင်းမှာ အုပ်စုအဆင့်သို့ တက်ရောက်ခွင့်ရမည်ဖြစ်သည်။ ဇုန်များ အဖြစ် အရှေ့အာရှဇုန်၊ အနောက်အာရှဇုန်၊ တောင်အာရှဇုန်၊ အာဆီယံဇုန်၊ အလယ်ပိုင်း ဇုန်ခွဲ၍ ကျင်းပမည်ဖြစ်ပြီး အသင်းပေါင်း ၃၉ သင်း ယှဉ်ပြိုင်မည်ဖြစ်သည်။ အာဆီယံဇုန် အုပ်စုပွဲစဉ်များကို ဇွန် ၂၄ ရက်မှ ၃၀ ရက်အထိ Centralized Venue ပုံစံဖြင့် ကျင်းပမည်ဖြစ်ပြီး အုပ်စုတစ်ခုလျှင် အိမ်ရှင်နိုင်ငံများ ရွေးချယ်ကာ ပြုလုပ်သွားမည်ဖြစ်သည်။ မြန်မာကလပ်များဖြစ်သည့် ရှမ်းယူနိုက်တက် နှင့် ဟံသာဝတီအသင်းတို့ ယှဉ်ပြိုင်ခွင့်ရမည် ဖြစ်သော်လည်း လက်ရှိအချိန်ထိ လေ့ကျင့် ပြင်ဆင်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

 

ရှမ်းယူနိုက်တက်အသင်းသည် AFC Cup ပြိုင်ပွဲတွင် လေးကြိမ်မြောက် ယှဉ်ပြိုင်ခွင့်ရခြင်းဖြစ်ပြီး ဟံသာဝတီအသင်းမှာမူ ပထမဆုံး ယှဉ်ပြိုင်ခြင်းဖြစ်သည်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ၂၀၂၁ ခုနှစ်တွင် AFC Cup ပြိုင်ပွဲ အာဆီယံဇုန်ပွဲစဉ်များ ကျင်းပနိုင်ခြင်းမရှိဘဲ ဖျက်သိမ်းခဲ့ရသည်။

ကိုညီလေး