မြန်မာကလပ် MIU ဖူဆယ်အသင်း ဗိုလ်လုပွဲနှင့် လွဲချော်

၂၂ ဇွန်


၂၀၁၉ အာဆီယံ ဖူဆယ်ကလပ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ယနေ့နေ့လယ်ပိုင်းမှစ၍ ထိုင်းနိုင်ငံ နာခွန်ရတ်ချာစီမာမြို့၌ ကျင်းပရာ မြန်မာကလပ် MIU အသင်း ရှုံးပွဲကြုံတွေ့ပြီး ဗိုလ်လုပွဲနှင့် လွဲချော်ခဲ့သည်။
                        

ဆီမီးဖိုင်နယ်ပွဲစဉ်များတွင် ဗီယက်နမ်ကလပ် ဆန်နာတက်အသင်းက မြန်မာကလပ် MIU အသင်းကို ခြောက်ဂိုး-ဂိုးမရှိ၊ ထိုင်းကလပ် ချောင်ဘူရီအသင်းက ကမ္ဘောဒီးယားကလပ် Down Town အသင်းကို ၁၇ ဂိုး-ဂိုးမရှိ ဖြင့် အနိုင်ရခဲ့သည်။ MIU အသင်းသည် ယခုပွဲတွင် ပုံမှန်ခြေစွမ်းပျောက်ဆုံးနေပြီး ကစားသမားများမှာလည်း အမှားများခဲ့သောကြောင့် အရေးနိမ့်ခဲ့ရခြင်းဖြစ်သည်။ MIU အသင်းသည် ပွဲအစ ခုနစ်မိနစ်မှာပင် ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့၍ ဂိုးစပေးခဲ့ရပြီး ၁၅ မိနစ်တွင် ပေးလိုက်ရသည့် ဒုတိယဂိုးမှာလည်း လမ်းကြောင်းပြောင်း၍ ဂိုးဝင်သွားခြင်းဖြစ်သည်။ ပထမပိုင်းတွင် သုံးဂိုးပြတ်ရှုံးနေသည့် MIU အသင်းသည် ဒုတိယပိုင်းတွင် ချေပဂိုးရ၇န် ကြိုးပမ်းခဲ့သော်လည်း အပြောင်းအလဲပြုလုပ်နိုင်ခြင်းမရှိဘဲ ကစားပုံနှင့် ကစားအားတက်လာခြင်းမရှိသောကြောင့် ချေပဂိုးရရန် ရုန်းကန်ခဲ့ရသည်။ ဆန်နာတက်အသင်းသည် ဒုတိယပိုင်းတွင် သုံးဂိုးထပ်မံသွင်းယူခဲ့သောကြောင့် ဂိုးပြတ်သွားခြင်းဖြစ်သည်။ MIU အသင်းသည် ယခုပြိုင်ပွဲတွင် ဗိုလ်လုပွဲသို့ ပထမဆုံးတက်ရောက်နိုင်ရန် ကြိုးပမ်းခဲ့သော်လည်း ဂိုးပြတ်အရှုံးနှင့် မျှော်လင့်ချက် အဆုံးသတ်ခဲ့ရသည်။
                        

တတိယလုပွဲနှင့် ဗိုလ်လုပွဲကို ဇွန် ၂၃ ရက် (ယနေ့) ဆက်လက် ကျင်းပမည်ဖြစ်ပြီး မြန်မာစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် တတိယလုပွဲအဖြစ် မြန်မာကလပ် MIU အသင်းနှင့် ကမ္ဘောဒီးယားကလပ် Down Town အသင်း၊ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် ဗိုလ်လုပွဲအဖြစ် ထိုင်းကလပ် ချောင်ဘူရီအသင်းနှင့် ဗီယက်နမ်ကလပ် ဆန်နာတက်အသင်းတို့ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အုပ်စုတွင်းပြိုင်ဘက်များ ပြန်လည်တွေ့ဆုံခြင်းဖြစ်ပြီး MIU အသင်းက Down Town အသင်းကို ကိုးဂိုး-သုံးဂိုး၊ ချောင်ဘူရီအသင်းက ဆန်နာတက်အသင်းကို ရှစ်ဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။


သတင်း-ရဲရင့်ရှိုင်း
ဓာတ်ပုံ-MIU FC