ရန်ကုန်    မတ်   ၈

မြန်မာနိုင်ငံ၏ ဘောလုံးနည်းပြကဏ္ဍ အဆင့်မြင့်မားလာစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် (MFF) နှင့် အာရှဘောလုံးအဖွဲ့ချုပ် (AFC) တို့ ပူးပေါင်းစီစဉ်သည့်  AFC/MFF Pro Diploma Coaching Course Module-I ဖွင့်ပွဲအခမ်းအနားကို မတ် ၈ ရက်က ရန်ကုန်မြို့ရှိ နိုဗိုတယ်ရန်ကုန်မက်စ် ဟိုတယ်၌ ကျင်းပသည်။

အခမ်းအနားသို့ အာရှဘောလုံးအဖွဲ့ချုပ် အကြီးတန်း ဒုတိယဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးထိပ်ခွန်နောင်မြင့်ဝေနှင့် တာဝန်ရှိသူများ၊ အာရှဘောလုံးအဖွဲ့ချုပ်မှ Deputy Technical Director Mr. Takeshi Ono ၊ အာရှဘောလုံးအဖွဲ့ချုပ်မှ တာဝန်ပေးအပ်ထားသော သင်တန်းဆရာနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ် ဒါရိုက်တာဖြစ်သူ Mr. Michiteru Mita၊ သင်တန်းသားများ တက်ရောက်သည်။

အခမ်းအနားတွင်  အာရှဘောလုံးအဖွဲ့ချုပ် အကြီးတန်းဒုတိယဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြား ပြီး အာရှဘောလုံးအဖွဲ့ချုပ်   Deputy Technical Director ဖြစ်သူ Mr. Takeshi Ono က ဝမ်းမြောက်စကားပြောကြားသည်။ ယင်းနောက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က   အာရှ ဘောလုံးအဖွဲ့ချုပ် Deputy Technical Director ဖြစ်သူ Mr. Takeshi Ono အား အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်သည်။ ထို့နောက် အာရှဘောလုံးအဖွဲ့ချုပ်မှ တာဝန်ပေးအပ်ထားသော သင်တန်းဆရာနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ်ဒါရိုက်တာဖြစ်သူ  Mr. Michiteru Mita က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး တက်ရောက်လာသူများ စုပေါင်း အမှတ်တရဓာတ်ပုံ ရိုက်ကူးသည်။

ယခုသင်တန်းသည် မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ် ဖွင့်လှစ်နိုင်ခဲ့သည့် အမြင့်ဆုံးအဆင့် နည်းပြသင်တန်းဖြစ်ပြီး  မြန်မာ့ဘောလုံးလောကအတွက် အလွန်အရေးပါသော ခြေလှမ်းတစ်ခုလည်း ဖြစ်သည်။ AFC ‘Pro’ Diploma Coaching Course သည် အာရှဘောလုံးအဖွဲ့ချုပ် (AFC) မှ အသိအမှတ်ပြုထားသော နည်းပြလောကတွင် အမြင့်ဆုံးအရည်အချင်းစစ်  လက်မှတ်တစ်ခုဖြစ်ပြီး  နိုင်ငံတကာသတ်မှတ်ချက်များအရ ကမ္ဘာ့ဖလားခြေစစ်ပွဲများ၊ အာရှဖလားနှင့် အဆင့်မြင့်ကလပ်အသင်းပြိုင်ပွဲများ (ဥပမာ - AFC Champions League) တွင် အသင်းကို တရားဝင်ကိုင်တွယ်ခွင့်ရရန် ယခု ‘Pro’ လိုင်စင်မှာ မဖြစ်မနေလိုအပ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့်   အာရှဘောလုံးအဖွဲ့ချုပ်တို့  ပူးပေါင်းကျင်းပသည့် AFC/MFF Pro Diploma Coaching Course Module-I သင်တန်းတွင် မြန်မာနည်းပြ ၁၂ ဦး၊ နိုင်ငံခြားသား နည်းပြလေးဦး  တက်ရောက်ခွင့်ရပြီး မြန်မာ့လက်ရွေးစင်အသင်းနှင့် သက်တမ်းအလိုက်  လူငယ် လက်ရွေးစင်အသင်းများတွင် နည်းပြအဖြစ် ဆောင်ရွက်နေသည့် နိုင်ငံခြားသားနည်းပြလေးဦး ပါဝင်နေသည်။ ထို့ပြင် မြန်မာနည်းပြများအဖြစ် မြန်မာ့လက်ရွေးစင်အသင်းများနှင့် ကလပ်အသင်းများတွင် နည်းပြအဖြစ်   ဆောင်ရွက်နေသည့် ဦးဇော်ဝင်းထွန်း၊ ဦးစိုးမြတ်မင်း၊ ဦးအောင်ကျော်မိုး၊ ဦးဟန်ဝင်းအောင်၊ ဦးမျိုးမင်းထွန်း၊ ဦးဇော်လင်းထွန်း၊ ဦးအောင်ဇော်မျိုး၊ ဦးမင်းထွန်းလင်း၊ ဦးပေါ်ထွန်းကျော်၊ ဦးကျော်ဒွန်း၊ ဦးရဲဝင့်သူနှင့် ဒေါ်သက်သက်ဝင်းတို့ဖြစ်သည်။

သင်တန်းကာလကို ၂၀၂၆ ခုနှစ် မတ်လမှ ၂၀၂၇ ခုနှစ် ဇွန်လအထိ တစ်နှစ်ကျော်ကြာမြင့်မည်ဖြစ်ပြီး အပိုင်းငါးပိုင်းခွဲ၍  တက်ရောက်ရမည်ဖြစ်သည်။ သင်တန်း၏ ပထမအကြိမ်ကို   ၂၀၂၆ ခုနှစ်    မတ်  ၈ ရက်မှ ၁၇ ရက်အထိ ရန်ကုန်မြို့၊ ဒုတိယအကြိမ်ကို ၂၀၂၆ ခုနှစ် ဇွန်လတွင် ရန်ကုန်မြို့၊ တတိယအကြိမ်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာတွင် ဂျပန်နိုင်ငံ၊ စတုတ္ထအကြိမ်ကို ၂၀၂၇ ခုနှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီတွင် ဆော်ဒီအာရေဗျနိုင်ငံ၊ ပဉ္စမအကြိမ်ကို ၂၀၂၇ ဇွန်လတွင် ရန်ကုန်မြို့တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။                              

သတင်း-ချစ်ကိုကို

ဓာတ်ပုံ-MFF