မြန်မာအသင်းယှဉ်ပြိုင်မည့် အာရှဖလား ယူ-၂၀ နှင့် ယူ-၁၇ အမျိုးသမီးခြေစစ်ပွဲကျင်းပမည့်ရက် ပြန်လည်အတည်ပြုမည်

ရန်ကုန်   မေ   ၂၅

မြန်မာအသင်းများ ဝင်ရောက်ယှဉ်ပြိုင်မည့် ၂၀၂၂ အာရှဖလား ယူ-၂၀ နှင့် ယူ-၁၇ အမျိုးသမီး ခြေစစ်ပွဲကျင်းပမည့်ရက် ပြန်လည် အတည်ပြုသွားမည်ဖြစ်သည်။

မြန်မာ ယူ-၂၀ နှင့် ယူ-၁၇ အမျိုးသမီးအသင်းသည် ယခုနှစ်တွင် ယင်းခြေစစ်ပွဲများ အပြင် အာဆီယံ ပြိုင်ပွဲများလည်း ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ပြိုင်ပွဲကျင်းပမည့် ကာလအပေါ် မူတည်၍ လေ့ကျင့်ပြင်ဆင် သွားမည်ဖြစ်သည်။ မြန်မာအသင်းများသည် ပြီးခဲ့သည့် နှစ်ကတည်းက လေ့ကျင့် ပြင်ဆင်ရန် စီစဉ်ထား သော်လည်း ကပ်ရောဂါအခြေအနေကြောင့် မလေ့ကျင့်နိုင်သေးခြင်းဖြစ်သည်။ အာရှဘောလုံးအဖွဲ့ချုပ် သည် ၂၀၂၂ အာရှ ဖလား ယူ-၂၀ အမျိုးသမီးခြေစစ်ပွဲနှင့် အာရှဖလား ယူ-၁၇ ခြေစစ်ပွဲကို ယခုနှစ်တွင် ကျင်းပရန် စီစဉ်ထားပြီး ပထမအဆင့်နှင့် ဒုတိယအဆင့်အဖြစ် အဆင့် နှစ်ဆင့်ခွဲ၍ ပြုလုပ်မည်ဖြစ်သည်။ ယခင်က ယင်းခြေစစ်ပွဲ နှစ်ခုကို မတ်နှင့် ဧပြီလတွင် ကျင်းပရန် စီစဉ် ထားသော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နှစ်ကုန်ပိုင်းသို့ ရွှေ့ဆိုင်းထားသော်လည်း ရောဂါ ထိန်းချုပ်နိုင်ခြင်း မရှိသေးသော ကြောင့် ခြေစစ်ပွဲ ကျင်းပမည့်ကာလကို ပြန်လည်အတည်ပြုရန် စီစဉ်နေခြင်းဖြစ်သည်။

အာရှဖလား ယူ-၁၇ အမျိုးသမီးခြေစစ်ပွဲ ပထမအဆင့်ကို စက်တင်ဘာ ၁၈ ရက်မှ ၂၆ ရက်၊ ဒုတိယ အဆင့်ကို ဒီဇင်ဘာ ၈ ရက်မှ ၁၂ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ပထမအဆင့် ကို မြန်မာအပါအဝင် သြစတြေးလျ၊ ဘင်္ဂလားဒေ့ရှ်၊ ဂျော်ဒန်၊ ကာဂျစ္စတန်၊ မွန်ဂိုလီးယား၊ တာဂျစ်ကစ္စတန်နှင့် ဗီယက်နမ် နိုင်ငံတို့တွင် ကျင်းပမည်ဖြစ်သည်။ အာရှဖလား ယူ-၂၀ အမျိုးသမီးခြေစစ်ပွဲ ပထမအဆင့်ကို မြန်မာ အပါအဝင် သြစတြေးလျ၊ တရုတ်၊ တရုတ် (တိုင်ပေ)၊ လာအို၊ မွန်ဂိုလီးယား၊ စင်ကာပူ၊ တာဂျစ်ကစ္စတန် နိုင်ငံတို့က လက်ခံကျင်းပခွင့် ရထားပြီး ပထမအဆင့်ကို ဩဂုတ် ၁၄ ရက်မှ ၂၂ ရက်၊ ဒုတိယအဆင့်ကို နိုဝင်ဘာ ၃ ရက်မှ ၇ ရက်အထိ ပြုလုပ်ရန် စီစဉ်ထားခြင်းဖြစ်သည်။

ရဲရင့်လွင်