မြန်မာအသင်းယှဉ်ပြိုင်မည် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ လက်ကျန်ပွဲများကို မေ ၂၈ ရက်မှ ဇွန် ၁၅ ရက်အတွင်း ကျင်းပမည်

ရန်ကုန်   မေ   ၂၆

အာရှဘောလုံးအဖွဲ့ချုပ်က စီစဉ်ကျင်းပသည့် ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလားခြေစစ်ပွဲ ဒုတိယ အဆင့် အုပ်စုလက်ကျန်ပွဲများကို မေ ၂၈ ရက်မှ ဇွန် ၁၅ ရက်အတွင်း ကျင်းပသွားမည်ဖြစ်သည်။

ယှဉ်ပြိုင်ကစားရမည် ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စုတွင် မြောက်ကိုရီးယားအသင်း နုတ်ထွက်သွားသော ကြောင့် ၅၇ ပွဲသာ ကျင်းပရန်ကျန်ရှိတော့ပြီး ရက်သတ္တပတ် သုံးပတ်အတွင်း အပြီးကျင်းပသွားမည် ဖြစ်သည်။ လက်ကျန်ပွဲများတွင် မြန်မာအသင်း၏ အုပ်စု လက်ကျန်သုံးပွဲ ပါဝင်နေပြီး မေ ၂၈ ရက်တွင် ဂျပန် အသင်း၊ ဇွန် ၁၁ ရက်တွင် ကာဂျစ္စတန်အသင်း၊ ဇွန် ( ၁၅ ရက်တွင် တာဂျစ်ကစ္စတန်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

မြန်မာအသင်းသည် ဂျပန်နိုင်ငံတွင် ရောက်ရှိနေပြီဖြစ်ပြီး လက်ကျန်ပွဲများ ယှဉ်ပြိုင်ရန် ဂျပန်နိုင်ငံသို့ မေ ၂၂ ရက်ကတည်းက ရောက်ရှိပြင်ဆင်နေပြီဖြစ်သည်။ ဒုတိယအဆင့်ကို အုပ်စုရှစ်ခုခွဲ၍  ကျင်းပလျက် ရှိပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လက်ကျန်ပွဲများကို အုပ်စုတစ်ခုလျှင် အိမ်ရှင် တစ်နိုင်ငံ ရွေးချယ်၍ ကျင်းပသွားမည်ဖြစ်သည်။

လက်ကျန်ပွဲ ၅၇ ပွဲမတိုင်မီ အုပ်စုအလိုက် ရပ်တည်မှုအရ အုပ်စု (F) တွင် ဂျပန်အသင်းက ငါးပွဲ ကစား ၁၅ မှတ်၊ တာဂျစ်ကစ္စတန်အသင်း က ခြောက်ပွဲကစား ၁၀ မှတ်၊ ကာဂျစ္စတန် အသင်းက ငါးပွဲကစား ခုနှစ်မှတ်၊ မြန်မာအသင်းက ငါးပွဲကစား ခြောက်မှတ်၊ မွန်ဂိုလီးယားအသင်းက ငါးပွဲကစား သုံးမှတ်၊ အုပ်စု (G)တွင် ဗီယက်နမ်အသင်းက ငါးပွဲကစား ၁၁ မှတ်၊ မလေးရှားအသင်း က ငါးပွဲကစား ကိုးမှတ်၊ ထိုင်းအသင်းက ငါးပွဲကစား ရှစ်မှတ်၊ ယူအေအီးအသင်းက လေးပွဲကစား ခြောက်မှတ်၊ အင်ဒိုနီးရှား အသင်းက ငါးပွဲကစား အမှတ်မရ၊ အုပ်စု (H) တွင် တာ့ခ်မင်နစ္စတန်အသင်းက ငါးပွဲ ကစား ကိုးမှတ်၊ တောင်ကိုရီးယားအသင်းက လေးပွဲကစား ရှစ်မှတ်၊ လက်ဘနွန် အသင်းက ငါးပွဲကစား ရှစ်မှတ်၊ သီရိ လင်္ကာအသင်းက ငါးပွဲကစား အမှတ်မရသေးပေ။ မြောက်ကိုရီးယားအသင်းသည် အုပ်စု (H) တွင် ပါဝင်ခဲ့ပြီး ငါးပွဲကစား ရှစ်မှတ်ထားသော်လည်း လက်ကျန် သုံးပွဲမကစားဘဲ နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။

အာရှဘောလုံးအဖွဲ့ချုပ်၏ သတ်မှတ်ချက်အရ အုပ်စုလက်ကျန် ပွဲများအနက် အုပ်စု (A) ပွဲစဉ်များကို  တရုတ်၊ အုပ်စု (B) ပွဲစဉ်များကို ကူဝိတ်၊ အုပ်စု (C) ပွဲစဉ်များကို ဘာရိန်း၊ အုပ်စု (D) ပွဲစဉ်များကို ဆော်ဒီအာရေဗျ၊ အုပ်စု (E) ပွဲစဉ်များကို ကာတာ၊ အုပ်စု (F) ပွဲစဉ်များကို ဂျပန်၊ အုပ်စု (G) ပွဲစဉ်များကို ယူအေအီးနှင့် အုပ်စု (H) ပွဲစဉ်များကို တောင်ကိုရီးယားနိုင်ငံတို့တွင် ပြုလုပ်သွားမည်ဖြစ်သည်။ လက်ကျန်ပွဲများ အနက် ဂျပန်နှင့် မြန်မာပွဲကို မေ ၂၈ ရက်တွင် အစောဆုံးကျင်းပမည်ဖြစ်ပြီး ကျန် ၅၆ ပွဲကိုမူ ဇွန် ၃၊ ၇၊ ၁၁၊ ၁၅ ရက်တွင် ဆက်လက်ပြုလုပ်သွားမည်ဖြစ်သည်။

သတင်း-ကိုညီလေး

ဓာတ်ပုံ-Antoine Hey twitter