မြန်မာအသင်းယှဉ်ပြိုင်မည့် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ လက်ကျန်ပွဲများ မကစားမီ ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ စစ်ဆေးရမည်

ရန်ကုန်   မေ   ၂၃

ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ကျင်းပခြင်းဖြစ်သောကြောင့် ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလားခြေစစ်ပွဲ ဒုတိယအဆင့် အုပ်စုလက်ကျန်ပွဲမကစားမီ ကိုဗစ်-၁၉ ကပ်ရောဂါ ရှိ၊ မရှိ စစ်ဆေး ရမည်ဖြစ်သည်။

အာရှဘောလုံးအဖွဲ့ချုပ်သည် ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလားခြေစစ်ပွဲ ဒုတိယအဆင့်အုပ်စု လက်ကျန်ပွဲ ၆ဝ ကို မေ ၂၈ ရက်မှ ဇွန် ၁၅ ရက်အတွင်း ပြုလုပ်မည်ဖြစ်ပြီး ကပ်ရောဂါကူးစက်မှု မပြန့်ပွားစေရန်နှင့် ရောဂါထိန်းချုပ်နိုင်ရန်အတွက် ပွဲတစ်ပွဲမကစားမီတိုင်း ရောဂါစစ်ဆေးသွားမည် ဖြစ်သည်။ ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလားခြေစစ်ပွဲ ဒုတိယအဆင့်ကို အုပ်စုရှစ်ခုခွဲ၍ ကျင်းပ လျက်ရှိပြီး အုပ်စု တစ်ခုချင်းစီအလိုက် အိမ်ရှင်တစ်နိုင်ငံ ရွေးချယ်ကာ ကျင်းပသွားမည်ဖြစ်ပြီး ခြေစစ်ပွဲ ယှဉ်ပြိုင်မည့် အသင်းများအနေဖြင့် သက်ဆိုင်ရာနိုင်ငံများမှ မလာရောက်မီ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးရသလို ခြေစစ်ပွဲကစားမည့်နိုင်ငံသို့ ရောက်ရှိချိန်တွင်လည်း လေဆိပ်၌ ရောဂါထပ်မံစစ်ဆေး ရခြင်းဖြစ်သည်။ ထို့အတူ မြန်မာ့လက်ရွေးစင်အသင်းမှာလည်း ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များ အတိုင်း နေထိုင်လုပ်ဆောင်နေရပြီး မြန်မာနိုင်ငံမှ မထွက်ခွာမီနှင့် ဂျပန်နိုင်ငံသို့ ရောက်ရှိချိန်တွင် ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးခဲ့ရသည်။ မြန်မာ အသင်းပါဝင်သော အုပ်စု (F) ပွဲစဉ်များကို ဂျပန်နိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စုလက်ကျန်ပွဲများဖြစ်သော ဂျပန်၊ ကာဂျစ္စတန်၊ တာဂျစ် ကစ္စတန်အသင်းတို့နှင့် ကစားရမည့် လက်ကျန်သုံးပွဲမတိုင်မီ စစ်ဆေးရမည်ဖြစ်သည်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှ ဖလားခြေစစ်ပွဲ ဒုတိယအဆင့်အုပ်စုပွဲများကို တစ်နှစ်ကျော်ကြာ နောက်ဆုတ်ခဲ့ရပြီး နှစ်ကုန်ပိုင်းတွင် ၂၀၂၂ ကမ္ဘာ့ဖလား (အာရှဇုန်) တတိယအဆင့် ခြေစစ်ပွဲနှင့် ၂၀၂၃ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲများ ကျင်းပရန်ရှိသဖြင့် ဇွန်လလယ်တွင် အပြီး ကျင်းပရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ကိုညီလေး