မြန်မာအသင်းယှဉ်ပြိုင်မည့် ၂၀၂၂ အာရှဖလားယူ-၂၃ ခြေစစ်ပွဲ အုပ်စုပွဲစဉ်များ ပြန်လည်အတည်ပြု

ရန်ကုန်  ဩဂုတ်  ၂၄

အာရှဘောလုံးအဖွဲ့ချုပ်သည် မြန်မာအသင်းယှဉ်ပြိုင်မည့် ၂၀၂၂ အာရှ ဖလား ယူ-၂၃ ခြေစစ်ပွဲ အုပ်စုပွဲစဉ် များကို ပြီးခဲ့သည့်ရက်ပိုင်းက ပြန်လည် အတည်ပြုခဲ့သည်။

အာရှဘောလုံးအဖွဲ့ချုပ်သည် ခြေစစ်ပွဲကျင်းပမည့်ကာလကို အပြောင်းအလဲပြုလုပ်ခဲ့သောကြောင့် အုပ်စု ပွဲစဉ်များကိုပါ ပြန်လည်အတည်ပြုခဲ့ခြင်းဖြစ်သည်။

ခြေစစ်ပွဲအုပ်စုပွဲများကို ယခင်က အောက်တိုဘာ ၂၇ ရက်မှ ၃၁ ရက်အထိကျင်းပရန် လျာထား သော်လည်း အောက်တိုဘာ ၂၅ ရက်မှ ၃၁ ရက်အထိ ပြောင်းလဲကျင်းပရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး အုပ်စု ပွဲစဉ်များကို အောက်တိုဘာ ၂၅၊ ၂၈၊ ၃၁ ရက်တွင် ကျင်းပမည်ဖြစ်သည်။ မြန်မာအသင်းသည် ယင်းခြေစစ်ပွဲတွင် ဗီယက်နမ်၊ တရုတ်(တိုင်ပေ) အသင်းတို့နှင့် အုပ်စု(I)တွင် ကျရောက်နေပြီး အုပ်စု ပွဲစဉ်များအဖြစ် အောက်တိုဘာ ၂၅ ရက်တွင် တရုတ်(တိုင်ပေ)နှင့် ဗီယက်နမ်၊ အောက်တိုဘာ ၂၈ ရက်တွင် မြန်မာနှင့်တရုတ်(တိုင်ပေ)၊ အောက်တိုဘာ ၃၁ ရက်တွင် မြန်မာနှင့် ဗီယက်နမ်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

အုပ်စုမဲခွဲမှုအရ အနောက်အာရှဇုန် အုပ်စု(A)တွင် ဆီးရီးယား၊ ကာတာ၊ ယီမင်၊ သီရိလင်္ကာ၊ အုပ်စု(B)တွင် အီရန်၊ တာဂျစ်ကစ္စတန်၊ လက်ဘနွန်၊ နီပေါ၊ အုပ်စု(C)တွင် အီရတ်၊ ဘာရိန်း၊ အာဖဂန်နစ္စတန်၊ မော်လ်ဒိုက်၊ အုပ်စု (D) တွင် ဆော်ဒီအာရေဗျ၊ ဘင်္ဂလားဒေ့ရှ်၊ ကူဝိတ်၊ ဥဇဘက် ကစ္စတန်၊ အုပ်စု (E) တွင် ယူအေအီး၊ အိုမန်၊ အိန္ဒိယ၊ ကာဂျစ္စတန်၊ အုပ်စု (F)တွင် ဂျော်ဒန်၊ ပါလက်စတိုင်း၊ တာ့ခ်မင်နစ္စတန်၊ အရှေ့အာရှဇုန် အုပ်စု(G) တွင် သြစတြေးလျ၊ တရုတ်၊ အင်ဒိုနီးရှား၊ ဘရူနိုင်း၊ အုပ်စု (H) တွင် တောင်ကိုရီးယား၊ စင်ကာပူ၊ တီမော၊ ဖိလစ်ပိုင်၊ အုပ်စု (၂) တွင် ဗီယက်နမ်၊ မြန်မာ၊ တရုတ်(တိုင်ပေ)၊ အုပ်စု(J) တွင် ထိုင်း၊ မလေးရှား၊ လာအို၊ မွန်ဂိုလီးယား၊ အုပ်စု (K)တွင် ဟောင်ကောင်၊ ဂျပန်နှင့် ကမ္ဘောဒီးယားအသင်းတို့ ပါဝင်နေ သည်။ ခြေစစ်ပွဲကျင်းပမည့်ပုံစံအရ အုပ်စု ၁၁ ခုမှ ထိပ်ဆုံး ၁၁ သင်း နှင့် ဒုတိယနေရာရအသင်းများအနက် အကောင်းဆုံးလေးသင်း စုစုပေါင်း ၁၅ သင်း ခြေစစ်ပွဲအောင်မြင် မည်ဖြစ်သည်။

ကိုညီလေး