မြန်မာအသင်းနှင့် လာအိုအသင်း ပွဲကြိုသတင်းစာရှင်းလင်းပွဲကျင်းပ

ဒီဇင်ဘာ ၂၉ 

၂၀၂၂ AFF Cup ပြိုင်ပွဲ အုပ်စုပွဲအဖြစ် ယှဉ်ပြိုင်ကစားမည့် မြန်မာအသင်းနှင့် လာအိုအသင်းတို့၏ ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ဒီဇင်ဘာ ၂၉ ရက် မွန်းလွဲပိုင်းက သုဝဏ္ဏဘောလုံးကွင်းရှိ သတင်းစာရှင်းလင်းပွဲခန်းမ၌ ကျင်းပရာ နှစ်ဖက်အသင်းနည်းပြချုပ်များနှင့် ကစားသမားများ တက်ရောက်သည်။

မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် အန်တွမ်နီဟေးက” စင်ကာပူနဲ့ ကစားတဲ့ ပွဲအပြီးမှာ ဂိုးသမားအပါအဝင် ကစားသမား အချို့ ဒဏ်ရာပြဿနာရှိနေပါတယ်။ မလေးရှား၊ စင်ကာပူတို့နဲ့ ကစားတဲ့ပွဲတွေမှာ ရလဒ်ကောင်းမယူနိုင်ပေမယ့် အသင်းရဲ့ ကစားပုံက ကောင်းမွန်ခဲ့ပါတယ်။ ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုကိုလည်း ကျေနပ်ပါတယ်။  ပြီးခဲ့တဲ့ပွဲတွေမှာ မြန်မာအသင်း ခြေစွမ်းတိုးတက်လာတာကို မြင်ရမှာဖြစ်ပါတယ်။ လာအိုနဲ့ပွဲမှာ အနိုင်ရဖို့ အကောင်းဆုံး ပြင်ဆင်ကစားသွားမှာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။ နောက်တန်းအစွန်လူ ဒေးဗစ်ထန်က”လာအိုနဲ့ပွဲမှာ ရလဒ်ကောင်းဖို့ အကောင်းဆုံး ပြင်ဆင်ထားပါတယ်။ နိုင်ပွဲရဖို့ ကျွန်တော်တို့ ကစားသမားတွေ ကြိုးစားသွားမှာ ဖြစ်ပါတယ်။မနက်ဖြန်မှာ တစ်သင်းလုံးရဲ့ စွမ်းဆောင်ရည်ရော၊ တစ်ဦးချင်းစီရဲ့ စွမ်းဆောင်မှုပါ အကောင်းဆုံး ပုံစံရရှိဖို့ ကြိုးစားသွားမှာပါ” ဟု ပြောကြားခဲ့သည်။ လာအိုအသင်းနည်းပြချုပ် Michael Weiss “AFF Mitsubishi Electric Cup 2022 ပြိုင်ပွဲက အိမ်ကွင်း၊ အဝေးကွင်း ကစားရတာကြောင့် ပွဲပန်းမှုတွေရှိပါတယ်။ မြန်မာအသင်းက ကျွန်တော်တို့ထက် နားရက်ပိုရထားတာကြောင့် ပိုမိုလန်းဆန်းနေမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အသင်းအနေနဲ့ တစ်ပွဲထက် တစ်ပွဲ ပိုမိုကောင်းမွန်လာကြောင်း ပြသသွားမှာဖြစ်ပါတယ်။ မြန်မာအသင်းဟာ အသင်းကောင်းတစ်သင်းပါ။ ကျွန်တော်တို့ အဝေးကွင်းမှာ ကစားရမှာဖြစ်ပေမယ့် အကောင်းဆုံး ပြင်ဆင်သွားမှာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

အုပ်စု (ခ) စတုတ္ထနေ့အဖြစ် ဒီဇင်ဘာ ၃၀ ရက် (ယနေ့) ညနေ ၄ နာရီခွဲတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ မြန်မာအသင်းနှင့် လာအိုအသင်း၊ မြန်မာစံတော်ချိန် ည ၇ နာရီတွင် စင်ကာပူနိုင်ငံ ဂျလန်ဘီဆာကွင်း၌ စင်ကာပူအသင်းနှင့် ဗီယက်နမ်အသင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ အုပ်စုတတိယနေ့အပြီးတွင် ဗီယက်နမ်နှင့် စင်ကာပူအသင်းက နှစ်ပွဲကစား ခြောက်မှတ်စီ၊ မလေးရှားအသင်းက သုံးပွဲကစား ခြောက်မှတ်ရရှိထားပြီး နှစ်ပွဲကစားထားသည့် မြန်မာအသင်းနှင့် သုံးပွဲကစားထားသည့် လာအိုအသင်းတို့မှာ အမှတ်မရသေးပေ။ လာအိုအသင်းသည် အုပ်စုအဆင့်မှထွက်ရန် သေချာသွားပြီဖြစ်ပြီး မြန်မာအသင်းမှာလည်း အခွင့်အရေးနည်းနေပြီဖြစ်သည်။ မြန်မာအသင်းအနေဖြင့် ဆီမီးဖိုင်နယ်တက်ရောက်ခွင့် လက်ကျန်မျှော်လင့်ချက်အတွက် လာအိုအသင်းနှင့်ပွဲတွင် မဖြစ်မနေအနိုင်ကစားရမည်ဖြစ်သလို စင်ကာပူနှင့် ဗီယက်နမ်ပွဲရလဒ်ကိုလည်း စောင့်ကြည့်ရမည်ဖြစ်သည်။ ခြောက်မှတ်စီရထားသည့် စင်ကာပူနှင့် ဗီယက်နမ်ပွဲတွင် သရေရလဒ်ထွက်ပေါ်ပါက ခုနစ်မှတ်စီရရှိမည်ဖြစ်ပြီး အမှတ်မရသေးသည့် မြန်မာအသင်းအနေဖြင့် လက်ကျန်နှစ်ပွဲစလုံး အနိုင်ရလျှင်ပင် အုပ်စုအဆင့်မှထွက်ရမည်ဖြစ်သည်။ ဗီယက်နမ်အသင်း အနိုင်ရပါက ဗီယက်နမ်အသင်းသည် ဆီမီးဖိုင်နယ်တက်ရောက်ခွင့် စောစီးစွာရရှိမည်ဖြစ်သလို မြန်မာအသင်းမှာလည်း အုပ်စုအဆင့်မှထွက်ရန် သေချာသွားမည်ဖြစ်သည်။ ထို့ကြောင့် စင်ကာပူအသင်း အနိုင်ရမှသာ မြန်မာအသင်းအနေဖြင့် ဆီမီးဖိုင်နယ်တက်ရောက်ခွင့်အတွက် နောက်ဆုံးပွဲအထိ ဆက်လက်မျှော်လင့်နိုင်မည်ဖြစ်သည်။

သတင်း-ကိုညီလေး
ဓာတ်ပုံ-သော်ကြီး