မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်း မနက်ဖြန် ခြေစမ်းမည်

၂၄ မတ် 

 

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) အသိအမှတ်ပြု နိုင်ငံတကခြေစမ်းပွဲအဖြစ် မြန်မာ့လက်ရွေးစင် အသင်းနှင့် အင်ဒိုနီးရှားလက်ရွေးစင် အသင်းသည် မတ် ၂၅ ရက် ညနေ ၆ နာရီတွင် မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ ခြေစမ်းပွဲယှဉ်ပြိုင်ကစားမည် ဖြစ်သည်။ 

 

မြန်မာ့လက်ရွေးစင်အသင်းသည် နိုင်ငံတကာရက်သတ္တပတ်တွင် ဒုတိယမြောက်ခြေစမ်းပွဲအဖြစ် အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားခြင်းဖြစ်ပြီး ယာယီနည်းပြချုပ် ဦးမျိုးမင်းထွန်း၏ ဒုတိယမြောက်ပွဲလည်းဖြစ်သည်။ ပထမပွဲတွင် တရုတ်(တိုင်ပေ) အသင်းနှင့် ဂိုးမရှိသရေကျခဲ့သည့် မြန်မာ့လက်ရွေးစင်အသင်းသည် တရုတ် (တိုင်ပေ)နှင့်ပွဲမှ ပွဲထွက်လုစာရင်းကို အပြောင်းအလဲအချို့ပြုလုပ်ကာ ယှဉ်ပြိုင်မည်ဖြစ်သည်။ 

 

ယင်းပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲပိုင်းက ဟိုတယ်ရွှေပြည်သာ၌ ကျင်းပသည်။ မြန်မာအသင်း ယာယီနည်းပြချုပ် ဦးမျိုးမင်းထွန်းက''အင်ဒိုနီးရှားအသင်းအကြောင်းကို ကျွန်တော် လက်လှမ်းမီသလောက် လေ့လာထားပါတယ်။ အင်ဒိုနီးရှားအသင်းဟာ ကမ္ဘာ့အဆင့်သတ်မှတ်ချက်အရ ကျွန်တော်တို့ထက် Ranking နိမ့်ပေမယ့် အသင်းကောင်းတစ်သင်းပါ။ ဘောလုံးအဆင့်အတန်းမှာ ကျွန်တော်တို့ထက် မနိမ့်ပါဘူး။ အင်ဒိုနီးရှားအသင်းနဲ့ပွဲမှာ ရလဒ်ကောင်းအောင် ကြိုးစားမှာဖြစ်သလို မကစားရသေးတဲ့သူတွေကိုလည်း အခွင့်အရေးပေးဖို့ လိုပါတယ်။ အကောင်းဆုံးယှဉ်ပြိုင်မှာပါ''ဟု ပြောကြားသည်။ အင်ဒိုနီးရှားလက်ရွေးစင်အသင်းနည်းပြချုပ် ဆိုင်မွန်က ''ကျွန်တော်တို့အသင်းက ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် ပြင်ဆင်နေတဲ့အသင်းဖြစ်ပြီး ဒီအသင်းကို ကိုင်တွယ်တာ မကြာသေးတာကြောင့် သေချာပြင်ဆင်နေပါတယ်။ အကောင်းဆုံးကြိုးစားယှဉ်ပြိုင်မှာပါ။ ပွဲကောင်းတစ်ပွဲဖြစ်လာမယ်လို့ ယုံကြည်ပါတယ်''ဟု ပြောကြားခဲ့သည်။

 

မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်းသည် ၂၀၁၈ ခုနှစ် အောက်တိုဘာတွင် ခြေစမ်းပြီးနောက်ပိုင်း ငါးလဝန်းကျင်အကြာတွင် ထပ်မံခြေစမ်းခြင်းဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

 

ဓာတ်ပုံ-စိုးညွန့်