မြန်မာအသင်း ယှဉ်ပြိုင်ခွင့်ရထားသည့် အာရှ ယူ-၁၉ အမျိုးသမီးခြေစစ်ပွဲ နောက်ဆုံးအဆင့် အောက်တိုဘာလကုန်ကျင်းပမည်

၁ မေ

 

မြန်မာအသင်းယှဉ်ပြိုင်ခွင့်ရထားသည့် အာရှ ယူ-၁၉ အမျိုးသမီးခြေစစ်ပွဲ နောက်ဆုံးအဆင့်ကို အောက်တိုဘာလကုန်တွင် ကျင်းပမည်ဖြစ်သည်။

 

နောက်ဆုံးအဆင့်ကို အောက်တိုဘာ ၂၇ ရက်မှ နိုဝင်ဘာ ၉ ရက်အထိ ထိုင်းနိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရ ဂျပန်၊ မြောက်ကိုရီးယား၊ တရုတ်၊ ထိုင်း၊ ခြေစစ်ပွဲအောင် အသင်းများ ဖြစ်သည့် တောင်ကိုရီးယား၊ သြစတြေးလျ၊ မြန်မာနှင့် ဗီယက်နမ်အသင်း စုစုပေါင်း ရှစ်သင်းဖြင့် ကျင်းပမည်ဖြစ်သည်။ 

 

နောက်ဆုံးအဆင့်ကို လေးသင်းနှစ်အုပ်စုခွဲ၍ ကျင်းပမည်ဖြစ်ပြီး ပထမ၊ ဒုတိယနှင့် တတိယရသည့်အသင်းများမှာ ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပမည့် ယူ-၂၀ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။ 

 

ဒုတိယအဆင့်ခြေစစ်ပွဲကို ဧပြီ ၂၆ ရက်မှ ၃၀ ရက်အထိ အုပ်စုနှစ်ခုခွဲ၍ ကျင်းပခဲ့ပြီး အုပ်စု(က)တွင် သြစတြေးလျအသင်းက ကိုးမှတ်ဖြင့် ပထမ၊ မြန်မာအသင်းက ခြောက်မှတ်ဖြင့် ဒုတိယ၊ အုပ်စု (ခ) တွင် တောင်ကိုရီးယားအသင်းက ကိုးမှတ်၊ ဗီယက်နမ်အသင်းက လေးမှတ်ဖြင့် ခြေစစ်ပွဲအောင်မြင်ခဲ့သည်။ အာရှထိပ်သီး တောင်ကိုရီးယားနှင့် သြစတြေးလျအသင်းတို့မှာမူ ရာနူန်းပြည့်နိုင်ပွဲရယူနိုင်ခဲ့သည်။ 

 

ဗီယက်နမ်အသင်းသည် အီရန်အသင်းနှင့် လေးမှတ်စီတူညီသည့်အပြင် ဂိုးကွာခြားချက်၊ သွင်း၈ိုး၊ ပေးဂိုးတွင်လည်း တူညီနေသောကြောင့် Fair Play စည်းမျဉ်းဖြင့် ဆုံးဖြတ်ရာ ဗီယက်နမ်အသင်းက အသာရသောကြောင့် ခြေစစ်ပွဲအောင်ခဲ့ခြင်းဖြစ်သည်။ 

 

မြန်မာအသင်းသည် ဥဇဘက်ကစ္စတန်အသင်းကို တစ်ဂိုး-ဂိုးမရှိ၊ နီပေါအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရပြီး သြစတြေးလျအသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ကာ အုပ်စုဒုတိယနေရာမှ ခြေစစ်ပွဲအောင်ခဲ့ခြင်းဖြစ်သည်။

 

 ခြေစစ်ပွဲအောင်  မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းတွင် အုပ်ချုပ်သူ-ဒေါ်မြတ်မြတ်ဦး၊ နည်းပြချုပ်-ဒေါ်သက်သက်ဝင်း၊ လက်ထောက်နည်းပြများအဖြစ်-ဒေါ်စန်းစန်းမော်၊ ဒေါ်စန်းယုနိုင်၊ ဂိုးနည်းပြ-ဦးကိုကိုအောင်၊ ကစားသမားများအဖြစ် ဂိုး-ဇူးလတ်နဒီ၊ ပိုးဥ၊ ခင်မြတ်မိုး၊ နောက်တန်း- နှင်းမြသဇင်၊ နော်ထက်ထက်ဝေ၊ ဇွန်ယုယဦး၊ နန့်ဇူးဇူးထက်၊ သဇင်အောင်၊ ကြည်ပြာလင်း၊ မိုးမမစိုး၊ အိအိကျော်၊ ဖြူဖြူဝင်း၊ အလယ်တန်း-မိုးမိုးသန်း၊ ဘွဲ့လျန်ကိန်း၊ မေဖူးကို၊ အေးအေးထွေး၊ လင်းမြင့်မိုရ်၊ သီတာဝင်း၊ ပုံ့ပုံ့ပြည့်မောင်၊ ရှေ့တန်း-စန်းသော်သော်၊ နွယ်နီဝင်း၊  အေးမြတ်ခိုင်၊ မြတ်နိုးခင်တို့ ပါဝင်သည်။

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်