ရန်ကုန် ဇွန် ၃၀
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ်က ကြီးမှူး၍ Max Energy ၏ အဓိကပံ့ပိုး ကူညီမှုဖြင့် ကျင်းပသည့် ၂၀၂၆-၂၀၂၇ ရာသီ မြန်မာအမျိုးသမီးလိဂ် ပြိုင်ပွဲ ပွဲစဉ် (၃) ဒုတိယနေ့ကို ဇွန် ၃၀ ရက်က ဆက်လက်ကျင်းပရာ လက်ရှိချန်ပီယံ ဧရာဝတီကို အား/ကာသိပ္ပံအသင်း အနိုင်ယူပြီး ရတနာပုံအသင်း နှစ်ပွဲဆက်တိုက် ဂိုးပြတ်အနိုင်ရခဲ့သည်။
ပုသိမ်မြို့ ကိုးသိန်းကွင်း၌ ကျင်းပသည့်ပွဲတွင် အား/ကာသိပ္ပံအသင်း က လက်ရှိချန်ပီယံ ဧရာဝတီ အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ဧရာဝတီအသင်းသည် ထိပ်ဆုံးနေရာအတွက် အရေးပါသည့်ပွဲတွင် အား/ကာ သိပ္ပံ အသင်းကို အရှုံးပေးခဲ့ရပြီး ထိပ်ဆုံးမှ ဖယ်ပေးခဲ့ရသည်။
အား/ကာ သိပ္ပံအသင်းသည် အဝေးကွင်း၌ ပုံစံကောင်းပြသခဲ့ပြီး တိုက်စစ်မှူး ရွှေရည်ထွန်း၏ သွင်းဂိုးများဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ဧရာဝတီအသင်းသည် ပြည်ပကစားသမားနှစ်ဦး၊ ပြည်တွင်းလက်ရွေးစင် ကစားသမားများဖြင့် ပွဲထွက်ခဲ့သော်လည်း ခြေစွမ်းမပြနိုင်ဘဲ အမှား များသဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ အား/ကာသိပ္ပံအသင်းအတွက် ဂိုးများကို ၂၁၊ ၄၈ မိနစ်တွင် ရွှေရည်ထွန်းက သွင်းယူပြီး ဧရာဝတီအသင်းအတွက် ချေပဂိုးတစ်ဂိုးကို ၆၅ မိနစ်တွင် မေထက်လူက သွင်းယူသည်။ ယခုပွဲအတွက် အကောင်းဆုံးကစားသမားဆု (AYA Pay player of the Match) ကို ရွှေရည်ထွန်း (အား/ကာသိပ္ပံ)ကရရှိပြီး အမှတ်တရဆုနှင့် ဆုကြေးငွေကျပ် ငါးသိန်းရရှိသည်။
သုဝဏ္ဏကွင်း၌ကျင်းပသည့်ပွဲတွင် ရတနာပုံအသင်းက ဇွဲကပင် ယူနိုက်တက်အသင်းကို ခုနစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ရတနာပုံ အသင်းသည် နှစ်ပွဲဆက်တိုက် ဂိုးပြတ်အနိုင်ရခဲ့ပြီး ဇွဲကပင်ယူနိုက်တက်အသင်း ရှုံးပွဲဆက်ခဲ့သည်။ ရတနာပုံအသင်းအတွက် ဂိုးများကို ၄၅+၂ မိနစ်တွင် ဝင်းစန္ဒာ၊ ၁၁၊ ၂၁ မိနစ်တွင် မေစံပယ်ဖူး၊ ၅၅ မိနစ်တွင် မာရီယာ၊ ၆၉ မိနစ်တွင် ပင်မြင့်ယံ၊ ၈၄ မိနစ်တွင် နှင်းဝင့်ဝါကျော်တို့က သွင်းယူပြီး ဇွဲကပင်ယူနိုက်တက်အသင်းအတွက် ချေပဂိုးတစ်ဂိုးကို ၅၈ မိနစ်တွင် ပင်နယ်တီမှတစ်ဆင့် ဂလိုရီရာက သွင်းယူသည်။ ယခုပွဲ အတွက် အကောင်းဆုံးကစားသမားဆု(AYA Pay player of the Match)ကို ဝင်းစန္ဒာ(ရတနာပုံ)ကရရှိပြီး အမှတ်တရဆုနှင့် ဆုကြေး ငွေကျပ် ငါးသိန်းရရှိသည်။
ပွဲစဉ်(၃) နောက်ဆုံးနေ့ကို ဇူလိုင် ၁ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး သုဝဏ္ဏကွင်း၌ မြဝတီအသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
သတင်း-ကိုညီလေး၊ ဓာတ်ပုံ-MWL


