ရန်ကုန် ဇူလိုင် ၂၇
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ်ကကြီးမှူး၍ Max Energy ၏ အဓိကပံ့ပိုးကူညီမှုဖြင့် ကျင်းပသည့် ၂၀၂၆-၂၀၂၇ ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်(၇) ပထမနေ့ကို ဇူလိုင် ၂၇ ရက်က ကျင်းပရာ နှစ်ပွဲစလုံး သရေကျခဲ့သည်။
YUSC ကွင်း၌ ကျင်းပသည့်ပွဲတွင် လက်ရှိချန်ပီယံ ဧရာဝတီအသင်းနှင့် ရတနာပုံအသင်းတို့ တစ်ဂိုးစီသရေကျခဲ့သည်။ အသင်းသစ် ရတနာပုံအသင်းအတွက် နောက်ထပ်ကျေနပ်စရာကောင်း သည့် ပွဲတစ်ပွဲဖြစ်ခဲ့ပြီး ထိပ်ဆုံးမှ အား/ကာသိပ္ပံအသင်းကို သရေကစားပြီးနောက် လက်ရှိချန်ပီယံ ဧရာဝတီအသင်းကို သရေကစားခဲ့ခြင်းဖြစ်သည်။
ဧရာဝတီအသင်းသည် ယခုပွဲတွင် သရေကျခဲ့သဖြင့် ထိပ်ဆုံးနေရာအတွက် ဖိအားပိုများသွားပြီး ယခုရာသီ ပထမဆုံးသရေပွဲနှင့် ရင်ဆိုင်ခဲ့ရသည်။ ဒဏ်ရာရကစားသမားများရှိနေသည့် ဧရာဝတီအသင်းသည် ပွဲထွက်လူစာရင်းကို အပြောင်းအလဲအချို့ပြုလုပ်ခဲ့ပြီး မေထက်လူမှာမူ ဒုတိယပိုင်းတွင် လူစားဝင်ကစားခဲ့သည်။ ၃၂ မိနစ်တွင် မင်ထုန်မေဇီတာက ဧရာဝတီအသင်းအတွက် ပြစ်ဒဏ်ဘောကို ပိတ်သွင်းကာ ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး ရတနာပုံအသင်းအတွက် ချေပဂိုးကို ၅၅ မိနစ်တွင် အသင်းခေါင်းဆောင် ဝင်းသိင်္ဂီထွန်းက ပြစ်ဒဏ်ဘောကို ခေါင်းတိုက်သွင်းယူခဲ့သည်။ ယခုပွဲအတွက် အကောင်းဆုံးကစားသမားဆု (AYA Pay player of the Match) ကို ဧရာဝတီအသင်း တိုက်စစ်ကစားသမား ရီတူက ရရှိပြီး အမှတ်တရဆုနှင့် ဆုကြေးငွေကျပ် ငါးသိန်းရရှိသည်။
တောင်ကြီးကွင်း၌ ကျင်းပသည့်ပွဲတွင် ရှမ်းယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ဂိုးမရှိသရေကျခဲ့သည်။ အမှတ်ပေးဇယား အဆင့်(၃)နေရာမှ ရှမ်းယူနိုက်တက်နှင့် အဆင့်(၄)နေရာမှ ရန်ကုန် ယူနိုက်တက်အသင်းတို့ ထိပ်တိုက်တွေ့ဆုံခြင်းဖြစ်ပြီး ဂိုးမရှိသရေကျခဲ့သည်။ ဒုတိယပိုင်းတွင် ရန်ကုန်ယူနိုက်တက်အသင်းမှ ရွှန်းလဲ့နိုင်နှင့် ရှမ်းယူနိုက်တက်အသင်းမှ ဝင်းသူဇာအောင်တို့ အနီကတ်ဖြင့် ထုတ်ပယ်ခံရသည်။ ယခုပွဲအတွက် အကောင်းဆုံးကစားသမားဆု(AYA Pay player of the Match)ကို ရန်ကုန်ယူနိုက်တက်အသင်း ဂိုးသမား ဖီးဘေက ရရှိပြီး အမှတ်တရဆုနှင့် ဆုကြေး ငွေကျပ် ငါးသိန်းရရှိသည်။
ပွဲစဉ်(၇)ဒုတိယနေ့ကို ဇူလိုင် ၂၈ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး YUSC ကွင်း၌ Young Lionesses အသင်းနှင့် ဇွဲကပင်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
သတင်း-ကိုညီလေး
ဓာတ်ပုံ-ညီမင်း


