မြန်မာအမျိုးသမီးဘောလုံးအသင်း အိမ်ရှင်ကို အနိုင်ယူပြီး ကြေးတံဆိပ်ရရှိ

၈  ဒီဇင်ဘာ

 

ဆီးဂိမ်းစ်အမျိုးသမီးဘောလုံးပြိုင်ပွဲ တတိယနေရာလုပွဲကို ယနေ့ညနေပိုင်းက မနီလာမြို့ရှိ ရီဇယ်လ်အမှတ်တရကွင်း၌ ကျင်းပရာ မြန်မာအမျိုးသမီးအသင်းသည် အိမ်ရှင်ဖိလစ်ပိုင်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ယူပြီး တတိယကြေးတံဆိပ်ရရှိခဲ့သည်။

 

မြန်မာအမျိုးသမီးအသင်းသည် အိမ်ရှင်အသင်း၏ ရုန်းကန်မှုကြောင့် ခက်ခက်ခဲခဲကစားခဲ့ရပြီး နောက်ကျဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ အိမ်ရှင်ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ဘောလုံးအားကစားနည်းမှ နောက်ဆုံးမျှော်လင့်နိုင်သည့် ဆုတံဆိပ်ဖြစ်သောကြောင့် အားကုန်ထုတ်ကစားခဲ့ပြီး ဦးဆောင်ဂိုး ရခဲ့သော်လည်း မြန်မာအသင်းက သုံးမိနစ်အတွင်း နှစ်ဂိုးပြန်သွင်းခဲ့သောကြောင့် အရေးနိမ့်ခဲ့ရခြင်း ဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် ဆီးဂိမ်းပြိုင်ပွဲတွင် ခုနစ်ကြိမ်မြောက် ကြေးတံဆိပ် ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး ငါးကြိမ်ဆက် ကြေးတံဆိပ်ဆုရယူနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

 

မြန်မာအမျိုးသမီးအသင်းသည် ပွဲထွက်လူစာရင်းကို အပြောင်းအလဲအချို့ ပြုလုပ်ထားပြီး ပုံမှန်ခြေစွမ်းပျောက်ဆုံးနေသည့် ဝင်းသိင်္ဂီထွန်းကို အနားပေးကာ ဂျူလိုင်ကျော်ကို အသုံးပြုခဲ့ပြီး အမာခံကစားသမားအစုံအလင်ဖြင့် ပွဲထွက်ခဲ့သည်။ အုပ်စုအဖွင့်ပွဲတွင် ဂိုးမရှိသရေကျခဲ့သည့် မြန်မာနှင့် ဖိလစ်ပိုင်အသင်းသည် ပထမပိုင်းတွင်လည်း ဂိုးရရန် ရုန်းကန်ခဲ့ရပြီး အခွင့်အရေးများကိုလည်း အသုံးမချနိုင်သောကြောင့် ပထမပိုင်းအပြီးတွင် ဂိုးမရှိသရေကျနေသည်။ ဒုတိယပိုင်းတွင် နှစ်သင်းစလုံး တိုက်စစ်မြင့်လာပြီး မြန်မာအမျိုးသမီးအသင်း၏ လူကျွံဘောဖမ်းကစားရာ မသေသပ်မှုကို ဖိလစ်ပိုင်အသင်းက အသုံးချကာ ကီဇာဒါက ၅၈ မိနစ်တွင် အဖွင့်ဂိုးသွင်းယူခဲ့သည်။

 

ဂိုးပေးလိုက်ရပြီးနောက်ပိုင်းတွင် မြန်မာအသင်းက ကစားသမားများ အပြောင်းအလဲပြုလုပ်ကာ တိုက်စစ်မြင့်ခဲ့ပြီး မိနစ် ၇၀ နောက်ပိုင်းတွင် အခွင့်အရေးများပြန်ရခဲ့သည်။ ၇၈ မိနစ်တွင် မြန်မာအသင်းချေပဂိုးပြန်ရခဲ့ပြီး တိုက်စစ်မှူး ဂျူလိုင်ကျော်က သွင်းယူခဲ့သည်။ သရေကျပြီး နောက်ပိုင်းတွင် စိတ်ဓာတ်တက်သွားသည့် မြန်မာအသင်းသည် မိနစ် ၈၀ တွင် အနိုင်ဂိုးရခဲ့ပြီး ရီရီဦးက သွင်းယူခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် ဖိလစ်ပိုင်အသင်းနှင့် တွေ့ဆုံတိုင်း ရှုံးပွဲမရှိသေးသည့် အစဉ်အလာကို ဆက်ထိန်းထားနိုင်ခဲ့သည်။

 

မြန်မာအမျိုးသမီးအသင်းသည် ဆီးဂိမ်းပြိုင်ပွဲတွင် ငွေတံဆိပ် သုံးခု၊ ကြေးတံဆိပ် ခုနစ်ခု ရရှိထားပြီး နောက်ဆုံး ငါးကြိမ်ဆက်တိုက် ကြေးဆုရယူနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-စိုးညွန့်