မြန်မာအမျိုးသားဘောလုံးအသင်း ကစားသမားအစုံအလင်ဖြင့် ဗီယက်နမ်နိုင်ငံ၌ စတင်လေ့ကျင့်

ရန်ကုန်   မေ   ၄

မြန်မာအမျိုးသား ဘောလုံး အသင်းသည် (၃၁)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ကျင်းပမည့် ဗီယက်နမ်နိုင်ငံ၌ မေ ၃ ရက်မှ စ၍ ကစားသမားအစုံအလင်ဖြင့် လေ့ကျင့်လျက်ရှိသည်။

မြန်မာအမျိုးသား ဘောလုံးအသင်းသည် ဆီးဂိမ်းပြိုင်ပွဲကျင်းပမည့် ဗီယက်နမ်နိုင်ငံသို့ မေ ၁ ရက်တွင် ရောက်ရှိခဲ့ပြီး ပြည်ပကလပ်အသင်းများတွင် ကစားနေသည့် မောင်မောင်လွင်၊ ဆွမ်လမန်၊ အောင်ကောင်းမာန်နှင့် ဟိန်းထက်အောင်တို့မှာမူ မေ ၂ ရက်တွင် အသင်းနှင့်လာရောက်ပူးပေါင်းခဲ့သဖြင့် မေ ၃ ရက်မှစ၍ ကစားသမား အစုံအလင် လေ့ကျင့်နိုင်ခြင်းဖြစ်သည်။ မြန်မာအမျိုးသားဘောလုံး အသင်းကို ပဏာမ ကစားသမား ၂၉ ဦးဖြင့် ဖွဲ့စည်းထားပြီး အပြီးသတ်လူစာရင်းကို မေ ၅ ရက်တွင် ထုတ်ပြန်မည်ဖြစ်သည်။ မြန်မာအသင်းသည် ဆီးဂိမ်းပြိုင်ပွဲတွင် အိမ်ရှင်ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ တီမောအသင်းတို့နှင့်အတူ အုပ်စု(က)တွင် ပါဝင်နေပြီး အုပ်စု ပထမပွဲအဖြစ် မေ ၈ ရက်တွင် တီမောအသင်းနှင့် စတင်ကစားရမည်ဖြစ်သည်။ မြန်မာအမျိုးသားဘောလုံးအသင်းသည် ဆီးဂိမ်းပြိုင်ပွဲ အကြိုပြင်ဆင်မှုအဖြစ် ဧပြီ ၁၇ ရက်မှ ၃၀ ရက်အထိ ယူအေအီးနိုင်ငံ၌ သွားရောက်လေ့ကျင့်ခဲ့ပြီး ခြေစမ်းပွဲလေးပွဲကစားရာ တစ်ပွဲနိုင်၊ နှစ်ပွဲ သရေ၊ တစ်ပွဲရှုံးနိမ့်ခဲ့သည်။

မြန်မာအမျိုးသားဘောလုံးအသင်းတွင် ပဏာမကစားသမားများအဖြစ် ဂိုး-ပြည့်ဖြိုးသူ၊ သူရကျော်၊ ပြည့်ဖြိုးအောင်၊ အောင်ကိုလတ်၊ နောက်တန်း-သက်ဟိန်းစိုး၊ စိုးမိုးကျော်၊ ဟိန်းဇေယျာလင်း၊ ဝင်းမိုးကျော်၊ ရဲမင်းသူ၊ သက်ပိုင်ထွေး၊ အောင်ဝဏ္ဏစိုး၊ ရဲလင်းထက်၊ နောင်နောင်စိုး၊ အလယ်တန်း- ဇော်ဝင်းသိန်း၊ လွင်မိုးအောင်၊ လင်းထက်စိုး၊ ဝေလင်းအောင်၊ ရန်ကျော်စိုး၊ အောင်နိုင်ဝင်း၊ ဟိန်းထက်အောင်၊ ရှေ့တန်း- ရဲရင့်အောင်၊ ထက်ဖြိုးဝေ၊ ဝင်းနိုင်ထွန်း၊ မြတ်ကောင်းခန့်၊ ရာဇာအောင်၊ သန်းပိုင်၊ မောင်မောင်လွင်၊ အောင်ကောင်းမာန်၊ ဆွမ်လမန်တို့ ပါဝင်ကြသည်။

သတင်း - ကိုညီလေး၊ ဓာတ်ပုံ - MFF