မြန်မာ ယူ-၂၂ အသင်း မေ၊ ဇွန်တွင် ဖိတ်ခေါ်ပြိုင်ပွဲနှင့် ခြေစမ်းပွဲများကစားမည်

၄ ဧပြီ

 

အကြိမ် (၃၀) မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၂ အသင်းသည် မေလနောက်ဆုံးပတ်နှင့် ဇွန်လပထမပတ်တွင် ဖိတ်ခေါ်ပြိုင်ပွဲနှင့် နိုင်ငံတကာခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

မြန်မာ ယူ-၂၂ အသင်းကို အာရှ ယူ-၂၃ ခြေစစ်ပွဲအပြီးတွင် လေ့ကျင့်မှုရပ်နားထားသော်လည်း ယင်းပွဲများအတွက် မေလအတွင်း ပြန်လည်ဖွဲ့စည်းကာ ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည် ဆီးဂိမ်းစ်ပြိုင်ပွဲမတိုင်မီ ပထမဆုံး နိုင်ငံတကာပြိုင်ပွဲအဖြစ် မေ ၂၃ ရက်မှ ဇွန် ၂ ရက်အထိ တောင်ကိုရီးယားနိုင်ငံ၌ ကျင်းပမည့် တောင်ကိုရီးယားတက္ကသိုလ် ဖိတ်ခေါ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် မည်ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် တောင်ကိုရီးယားနိုင်ငံမှ တက္ကသိုလ်အသင်းများ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြိုင်ပွဲဝင်အသင်းစုစုပေါင်း ၁၀ သင်းကျော်ဖြင့် ကျင်းပမည်ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည် ယင်းပြိုင်ပွဲအပြီးတွင် ဗီယက်နမ်နိုင်ငံသို့ သွားရောက်ကာ ဗီယက်နမ် ယူ-၂၂ အသင်းနှင့် ဇွန် ၇ ရက်တွင် ခြေစမ်းပွဲယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည် ယခုနှစ်အတွင်း ယှဉ်ပြိုင်ခဲ့သည့် နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုမရသေးသောကြောင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ထိုက်သင့်သည့် အောင်မြင်မှုရရန် ကြိုတင်ပြင်ဆင်စေခြင်းဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည် ဖေဖော်ဝါရီတွင် ယှဉ်ပြိုင်ခဲ့သည့် အာဆီယံ ယူ-၂၂ ပြိုင်ပွဲ၊ မတ်တွင် ယှဉ်ပြိုင်ခဲ့သည့် အာရှ ယူ-၂၃ ခြေစစ်ပွဲတွင် အောင်မြင်မှုမရခဲ့ဘဲ အာရှခြေစစ်ပွဲမအောင်သလို အာဆီယံပြိုင်ပွဲတွင်လည်း နိုင်ပွဲမရဘဲ အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ် ဘူလ်ဂေးရီးယားနိုင်ငံသား ပိုပေါ့ဗ်ကို ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် ဆက်လက်တာဝန်ပေးဖွယ်ရှိနေပြီး ခြောက်လနီးပါး အချိန်ယူပြင်ဆင်စေမည်ဖြစ်ကာ ပြိုင်ပွဲမတိုင်မီ နိုင်ငံတကာခြေစမ်းပွဲများ၊ ပြည်ပလေ့ကျင့်ရေးခရီးစဉ်များ သွားရောက်ကစားစေမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

 

ဓာတ်ပုံ-စိုးညွန့်

 

DSC_72