မြန်မာ ယူ-၂၂ အသင်း အာဆီယံ ယူ-၂၂ ပြိုင်ပွဲနှင့် ဆီးဂိမ်းပြိုင်ပွဲအတွက် လာမည့် နှစ်ဆန်းပိုင်းတွင် စတင်ပြင်ဆင်မည်

ရန်ကုန်   ဒီဇင်ဘာ   ၇

မြန်မာ ယူ-၂၂ အမျိုးသားဘောလုံးအသင်းသည် လာမည့်နှစ်တွင် ကျင်းပမည့် အာဆီယံယူ-၂၂ ပြိုင်ပွဲ နှင့် (၃၁)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက် လာမည့် နှစ်ဆန်းပိုင်းတွင် စတင်ပြင်ဆင်သွားမည်ဖြစ်သည်။

လေ့ကျင့်ရန်စီစဉ်ထား

မြန်မာ ယူ-၂၂ အသင်းသည် အောက်တိုဘာ ၂၇ ရက်မှ နိုဝင်ဘာ ၂ ရက်အထိ ကျင်းပခဲ့သည့် ၂၀၂၂ အာရှဖလား ယူ-၂၃ ခြေစစ်ပွဲယှဉ်ပြိုင်ပွဲအပြီးတွင် လေ့ကျင့်မှုရပ်နားထားပြီး ၂၀၂၂ နှစ်ဆန်းပိုင်းတွင် ပြန်လည်လေ့ကျင့်ရန် စီစဉ်ထားခြင်းဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ်အဖြစ် ဘူလ်ဂေး ရီးယားနိုင်ငံသား ပိုပေါ့ဗ်က ဆက်လက်ကိုင်တွယ်မည်ဖြစ်ပြီး အာရှဖလားခြေစစ်ပွဲ ယှဉ်ပြိုင်ခဲ့သည့် ယူ-၂၃ အသင်းမှ အသက်မီသည့် ကစားသမားများကိုအခြေခံကာ ပြန်လည်ဖွဲ့စည်းသွားမည်ဖြစ်သည်။ လက်ရှိ ဆူဇူကီးဖလားပြိုင်ပွဲယှဉ်ပြိုင်နေသည့် မြန်မာ့လက်ရွေးစင်အသင်းတွင် မြန်မာ ယူ-၂၂ အသင်းမှ ကစားသမားအချို့ ပါဝင်နေပြီး ယင်းကစားသမားများမှာ ဆူဇူကီးပြိုင်ပွဲအပြီးတွင် ယူ၂၂ အသင်းနှင့် ပူးပေါင်းမည်ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်း ယှဉ်ပြိုင်မည့် အာဆီယံ ယူ-၂၂ ပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၄ ရက်မှ ၂၆ ရက်အထိ ကမ္ဘောဒီးယား နိုင်ငံ၊ ၃၁ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို မေလလယ်တွင် ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည်ဖြစ်သည်။

မြန်မာ ယူ-၂၂ အသင်းသည် ဆီးဂိမ်းပြိုင်ပွဲအတွက် ပြင်ဆင်ချိန် လေးလကျော် ရရှိမည်ဖြစ်ပြီး အာဆီယံ ယူ-၂၂ ပြိုင်ပွဲကို ဆီးဂိမ်းပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ယှဉ်ပြိုင်မည်ဖြစ်သည်။

ကိုညီလေး