မြန်မာ ယူ-၁၉ အမျိုးသမီးအသင်း အာရှခြေစစ်ပွဲယှဉ်ပြိုင်ရန် အပြီးသတ်လူရွေးချယ်

ရန်ကုန် ၁၈ ဧပြီ

 

မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ဧပြီ ၂၆ ရက်မှ ၃၀ ရက်အထိ ကျင်းပမည့် ၂၀၁၉ အာရှ ယူ-၁၉ အမျိုးသမီးခြေစစ်ပွဲ ဒုတိယအဆင့်ယှဉ်ပြိုင်ရန် အပြီးသတ်ကစားသမား ၂၃ ဦး ရွေးချယ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

 

ခြေစစ်ပွဲယှဉ်ပြိုင်မည့် မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းတွင် အုပ်ချုပ်သူ ဒေါ်မြတ်မြတ်ဦး၊ နည်းပြချုပ် ဒေါ်သက်သက်ဝင်း၊ လက်ထောက်နည်းပြများအဖြစ် ဒေါ်စန်းစန်းမော်၊ ဒေါ်စန်းယုနိုင်၊ ဂိုးနည်းပြ ဦးကိုကိုအောင်၊ ကစားသမားများအဖြစ် ဂိုး ဇူးလတ်နဒီ၊ ပိုးဥ၊ ခင်မြတ်မိုး၊ နောက်တန်း နှင်းမြသဇင်၊ နော်ထက်ထက်ဝေ၊ ဇွန်ယုယဦး၊ နန့်ဇူးဇူးထက်၊ သဇင်အောင်၊ ကြည်ပြာလင်း၊ မိုးမမစိုး၊ အိအိကျော်၊ ဖြူဖြူဝင်း၊ အလယ်တန်း မိုးမိုးသန်း၊ ဘွဲ့လျန်ကိန်း၊ မေဖူးကို၊ အေးအေးထွေး၊ လင်းမြင့်မိုရ်၊ သီတာဝင်း၊ ပုံ့ပုံ့ပြည့်မောင်၊ ရှေ့တန်း စန်းသော်သော်၊ နွယ်နီဝင်း၊  အေးမြတ်ခိုင်၊ မြတ်နိုးခင်တို့ ပါဝင်ကြသည်။ ယင်းအသင်းတွင် မြန်မာ ယူ-၁၆ လက်ရွေးစင် ကစားသမားများဖြစ်သော မြတ်နိုးခင်၊ ပုံ့ပုံ့ပြည့်မောင်၊ ဖြူဖြူဝင်း၊ ပိုးဥနှင့် ခင်မြတ်မိုးတို့ ငါးဦးရွေးချယ်ခံရပြီး ပထမအဆင့် ခြေစစ်ပွဲယှဉ်ပြိုင်ခဲ့သည့် ကစားသမားအများစုဖြင့် ပေါင်းစပ်ရွေးချယ်ထားခြင်းဖြစ်သည်။

 

မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ၂၀၁၈ နှစ်ကုန်ပိုင်းကတည်းက လေ့ကျင့်ပြင်ဆင်ခဲ့ပြီး ဒုတိယအဆင့်ခြေစစ်ပွဲမတိုင်မီ ပြည်တွင်းခြေစမ်းပွဲများစွာ ကစားခဲ့သော်လည်း နိုင်ငံတကာပွဲအဖြစ် မတ်လဆန်းကကျင်းပသည့် ဂျပန်-အာဆီယံ ယူ-၁၉ ဖိတ်ခေါ်ပြိုင်ပွဲတစ်ခုသာ ယှဉ်ပြိုင်ခဲ့ရသည်။

 

ယင်းပြိုင်ပွဲတွင် မြန်မာအသင်းသည် ရလဒ်ကောင်းများရရှိခဲ့ပြီး အာရှထိပ်သီး ဂျပန် ယူ-၁၉ အသင်းကို သရေကစားနိုင်ခဲ့သည်။ မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ခြေစစ်ပွဲကျင်းပမည့် မန္တလေးမြို့တွင် ကြိုတင်လေ့ကျင့်ရန် ဧပြီ ၁၈ ရက်က ထွက်ခွာသွားခဲ့ပြီး မန္တလေးမြို့သို့ မသွားရောက်မီ အပြီးသတ် လူစာရင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

 

ဒုတိယအဆင့်ခြေစစ်ပွဲကို အုပ်စုနှစ်ခုခွဲ၍ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စု (က)တွင် သြစတြေးလျ၊ နီပေါ၊ ဥဇဘက်ကစ္စတန်အသင်းတို့နှင့် ကျရောက်နေသည်။ ခြေစစ်ပွဲကျင်းပမည့်ပုံစံအရ အုပ်စုတစ်ခုစီမှ ထိပ်ဆုံးနှစ်သင်းစီမှာ ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။

 

သတင်း - ညီမြတ်သော်တာ

ဓာတ်ပုံ - စိုးညွန့်