မြန်မာ ယူ-၁၉ အမျိုးသမီးအသင်း အာရှခြေစစ်ပွဲအောင်မြင်ရေး နောက်ဆုံးအဆုံးအဖြတ်ပွဲ ကစားမည်

ရန်ကုန် ၂၉ ဧပြီ

 


မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် ၂၀၁၉ အာရှ ယူ-၁၉ အမျိုးသမီးခြေစစ်ပွဲ အုပ်စု(က) နောက်ဆုံးနေ့ကို ဧပြီ ၃၀ ရက်တွင် ကျင်းပမည်ဖြစ်ပြီး မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ခြေစစ်ပွဲအောင်မြင်ရေး အဆုံးအဖြတ်ပွဲ ကစားရမည်ဖြစ်သည်။

 


အုပ်စု(က) နောက်ဆုံးနေ့အဖြစ် ညနေ ၄ နာရီတွင် ဩစတြေးလျအသင်းနှင့် ဥဇဘက်ကစ္စတန်အသင်း၊ ည ၇ နာရီတွင် မြန်မာအသင်းနှင့် နီပေါအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ 

 


အုပ်စုဒုတိယနေ့အပြီးတွင် ဩစတြေးလျအသင်းက ခြောက်မှတ်၊ မြန်မာနှင့် ဥဇဘက်ကစ္စတန်အသင်းက သုံးမှတ်စီရထားပြီး နီပေါအသင်းမှာမူ အမှတ်မရသေးပေ။ မြန်မာအသင်းသည် ဒုတိယပွဲအဖြစ် ယှဉ်ပြိုင်ရမည်ဖြစ်သောကြောင့် ဩစတြေးလျ-ဥဇဘက်ကစ္စတန်ပွဲ ရလဒ်အပေါ်မူတည်၍ ကစားခွင့်ရမည်ဖြစ်ပြီး ဥဇဘက်ကစ္စတန်အသင်း နိုင်ပွဲမရပါက မြန်မာအသင်းသည် အနိမ့်ဆုံးသရေကစားနိုင်ရုံဖြင့် ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။ မြန်မာအသင်းသည် အဖွင့်ပွဲတွင် ဥဇဘက်ကစ္စတန်အသင်းကို အနိုင်ရပြီးကတည်းက ခြေစစ်ပွဲအောင်ရန် အလားအလာကောင်းသွားခြင်းဖြစ်ပြီး အာရှထိပ်သီး ဩစတြေးလျအသင်းကို ရှုံးနိမ့်ခဲ့သော်လည်း အကောင်းဆုံးတုံ့ပြန်ကစားနိုင်ခဲ့သည်။ ဩစတြေးလျအသင်းမှာလည်း ခြေစစ်ပွဲအောင်ရန် အနိမ့်ဆုံးသရေကစားနိုင်ရန် လိုအပ်နေသည်။ ဗီယက်နမ်နိုင်ငံ၌ ကျင်းပနေသည့် အုပ်စု(ခ)တွင် တောင်ကိုရီးယားအသင်းက ခြောက်မှတ်ဖြင့် လက်ကျန်တစ်ပွဲအလိုတွင် ခြေစစ်ပွဲအောင်မြင်သွားပြီဖြစ်ပြီး လက်ကျန်တစ်နေရာအတွက် လေးမှတ်ရထားသည့် ဗီယက်နမ်အသင်း၊ တစ်မှတ်ရထားသည့် အီရန်အသင်းတို့ မျှော်လင့်ချက်ရှိနေသည်။ 

 


မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ယင်းပြိုင်ပွဲ နောက်ဆုံးအဆင့်တွင် စတုတ္ထအကြိမ်မြောက် ယှဉ်ပြိုင်ခွင့်ရရန် နီးစပ်နေပြီဖြစ်ပြီး ၂၀၁၃ ခုနှစ်နောက်ပိုင်း တစ်ကျော့ပြန်ယှဉ်ပြိုင်ခွင့်ရရန် နီးစပ်လျက်ရှိသည်။

 


သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်