မြန်မာ ယူ-၁၈ အသင်း ပြန်လည်လေ့ကျင့်

၂၅ ဧပြီ

 

ဟောင်ကောင် ယူ-၁၈ ဖိတ်ခေါ်ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် မြန်မာယူ-၁၈ အသင်းသည် ယနေ့နံနက်ပိုင်းမှစ၍ ပြန်လည် လေ့ကျင့်လျက်ရှိသည်။

 

မြန်မာ ယူ-၁၈ အသင်းသည် ကစားသမား ၂၉ ဦးဖြင့် လေ့ကျင့်ပြင်ဆင်နေခြင်းဖြစ်ပြီး ၂၀၁၉ ရာသီ MNL ယူ-၂၁ အမှတ်ပေးပြိုင်ပွဲ ပထမအကျော့လက်ကျန်ပွဲများ ယှဉ်ပြိုင်ရန်ရှိသောကြောင့် လေ့ကျင့်မှုမရပ်နားဘဲ လေ့ကျင့်ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။

 

မြန်မာ ယူ-၁၈ အသင်းသည် ရွေးချယ်ထားသည့် ကစားသမားများ ပြိုင်ပွဲအတွေ့အကြုံရစေရန် MFF Youth အသင်း အမည်ဖြင့် MNL ယူ-၂၁ အမှတ်ပေးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး ပထမအကျော့ လက်ကျန်ပွဲသုံးပွဲ ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

 

မြန်မာ ယူ-၁၈ အသင်းသည် ပထမအကျော့လက်ကျန်ပွဲများအဖြစ် ဧပြီ ၂၅ ရက်တွင် ရန်ကုန်အသင်း၊ ဧပြီ ၂၈ ရက်တွင် ဟံသာဝတီအသင်း၊ မေ ၄ ရက်တွင် Southern အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

 

မြန်မာ ယူ-၁၈ အသင်းသည် ဖိတ်ခေါ်ပြိုင်ပွဲများ ဆက်တိုက်ယှဉ်ပြိုင်နေသော်လည်း ယခုနှစ်အတွင်း ယှဉ်ပြိုင်ရမည့် အဓိက နိုင်ငံတကာပြိုင်ပွဲများအနက် ၂၀၁၉ အာဆီယံ ယူ-၁၈ ပြိုင်ပွဲမှာ သြဂုတ်တွင် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ယင်းပြိုင်ပွဲအတွက် ဆက်လက်ပြင်ဆင်မည် ဖြစ်သည်။

 

မြန်မာ ယူ-၁၈ အသင်းသည် ယူ-၂၁ ပြိုင်ပွဲ ပထမအကျော့ပြီးဆုံးပါက ကစားသမားအချို့ အပြောင်းအလဲ ပြုလုပ်မည် ဖြစ်ပြီး အာဆီယံ ယူ-၁၈ ပြိုင်ပွဲမတိုင်မီ နိုင်ငံတကာခြေစမ်းပွဲများ၊ ပြည်ပလေ့ကျင့်ရေးခရီးစဉ်များ သွားရောက်မည် ဖြစ်သည်။ မြန်မာ ယူ-၁၈ အသင်းသည် နှစ်ကုန်ပိုင်းတွင် ၂၀၂၀ အာရှ ယူ-၁၉ ခြေစစ်ပွဲ ထပ်မံယှဉ်ပြိုင်ရမည် ဖြစ်သည်။

 

မြန်မာ ယူ-၁၈ အသင်းတွင် နည်းပြချုပ်-ဦးစိုးမြတ်မင်း၊ လက်ထောက်နည်းပြ-ဦးမင်းမင်းထွန်း၊ ဂိုးနည်းပြ-ဦးစိန်အေး၊ ဂိုး-နေလင်းထက်၊ ပြည့်ဖြိုးသူ၊ ဟိန်းထက်စိုး၊ နောက်တန်း- ရဲထက်အောင်၊ စည်သူမိုးခန့်၊ သော်ဇင်ထက်၊ ညဏ်လင်းထက်၊ စောကျော်ထက်၊ မျိုးချစ်ဇော်၊ ရှင်းသန့်အောင်၊ ဝေယံစိုး၊ ကိုကို၊ ဇော်ဇော်၊ ပိုင်မိုးဝေ၊ အလယ်တန်း-ရန်ကျော်စိုး၊ ဇော်ဝင်းသိန်း၊ အောင်ကိုဦး၊ ပြည့်ဖြိုးအောင်၊ ရန်နိုင်လင်း၊ နောင်နောင်စိုး၊ သူရအောင်၊ ခွန်ကျော်ဇင်ဟိန်း၊ ကောင်းခန့်ကျော်၊ ရဲမင်းကျော်၊ ရှေ့တန်း-စောကျော်အဲ၊ ညီညီ၊ လမင်းထွေး၊ သြဘာခ၊ နွေအေးတို့ ပါဝင်ကြသည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-စိုးညွန့်