ရန်ကုန် မတ် ၉
၂၀၂၆ အာရှဖလား ယူ-၁၇ အမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့်အတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ ယူ-၁၇ အမျိုးသမီး လူငယ်လက်ရွေးစင်အသင်းသည် ယင်းပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် အိန္ဒိယ ယူ-၁၇ အမျိုးသမီးလူငယ်လက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
မြန်မာ ယူ-၁၇ အမျိုးသမီးအသင်းနှင့် အိန္ဒိယ ယူ-၁၇ အမျိုးသမီးအသင်းတို့သည် မတ် ၁၂ ရက်၊ ၁၄ ရက် ညနေ ၅ နာရီတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ခြေစမ်းပွဲနှစ်ပွဲ ကစားမည်ဖြစ်ပြီး ဝင်ကြေးအခမဲ့ သတ်မှတ်ထားသည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် အိန္ဒိယဘောလုံးအဖွဲ့ချုပ်တို့၏ သဘောတူညီမှုအရ မြန်မာ ယူ-၁၇ အမျိုးသားအသင်းနှင့် အိန္ဒိယ ယူ-၁၇ အမျိုးသားအသင်းတို့ မတ် ၃ ရက်၊ ၅ ရက်တွင် ခြေစမ်းပွဲနှစ်ပွဲ ကစားပြီးနောက် ယူ-၁၇ အမျိုးသမီးအသင်းတို့ ရန်ကုန်မြို့တွင် ခြေစမ်းပွဲနှစ်ပွဲ ထပ်မံကစားခြင်းဖြစ်သည်။
မြန်မာ ယူ-၁၇ အမျိုးသမီးအသင်းကို ဂျပန်နိုင်ငံသူ ကူမီကိုက ကိုင်တွယ်နေပြီး အာရှဖလားခြေစစ်ပွဲ အောင်မြင်ပြီးနောက် အချိန်ယူလေ့ကျင့်ပြင်ဆင်ထားသလို ကစားသမားများအတွေ့အကြုံရစေရန် ပြည်တွင်းလိဂ်ပြိုင်ပွဲဖြစ်သည့် မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲတွင် Young Lionesses အသင်းအမည်ဖြင့် ယှဉ်ပြိုင်ခဲ့သည်။
၂၀၂၆ အာရှဖလား ယူ-၁၇ ပြိုင်ပွဲနောက်ဆုံးအဆင့်တွင် မြန်မာအသင်းက အုပ်စု(A)၌ တရုတ်၊ ထိုင်း၊ ဗီယက်နမ်၊ အိန္ဒိယအသင်းက အုပ်စု(B)၌ ဂျပန်၊ သြစတြေးလျ၊ လက်ဘနွန်အသင်းတို့နှင့် ကျရောက်နေသည်။
သတင်း - ကိုညီလေး
ဓာတ်ပုံ - MFF


