မြန်မာ-တရုတ် နယ်စပ်ငွေကြေးလည်ပတ်မှုဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပပြုလုပ်

မန္တလေး ၂၉ စက်တင်ဘာ

မန္တလေးတိုင်းဒေသကြီးကုန်သည်များ၊ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် ရန်ကုန်မြို့အခြေစိုက် Industrial and Commercial Bank of China(ICBC)တို့ ပူးပေါင်း၍ မြန်မာ-တရုတ် နယ်စပ်ငွေကြေးလည်ပတ်မှုဆိုင်ရာ ဆွေးနွေးပွဲကို စက်တင်ဘာ ၂၇ ရက်နေ့ မွန်းလွဲပိုင်းက မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၃၄×၇၈လမ်းထောင့်၊ ရတနာပုံစူပါစင်တာ၊ စတုတ္ထထပ်ရှိ မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းခန်းမတွင် ကျင်းပပြုလုပ်သည်။

အဆိုပါဆွေးနွေးပွဲတွင် မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျော်မင်းက အဖွင့်အမှာစကား ပြောကြားပြီး ICBC ရန်ကုန်ရုံး Head of Corporate Banking Department Mr.Li Xiao Ming က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ထို့နောက် ဒုတိယစီမံခန့်ခွဲမှုမန်နေဂျာ ဦးကျော်သူဝင်းက မြန်မာ-တရုတ် နှစ်နိုင်ငံကြား တရားဝင်ကုန်သွယ်မှုအတွက် တရုတ်ယွမ်ငွေ သုံးစွဲမှုဆိုင်ရာ ဝန်ဆောင်မှုများ၊ စည်းမျဉ်းစည်းကမ်း မူဝါဒများ၊ နယ်စပ်ဖြတ်ကျော်ငွေပေးချေမှု၊ ငွေလွှဲပြောင်းမှုများ၊ Client များ၏ လိုအပ်ချက်များအား ပံ့ပိုးနိုင်ရန် ရည်ရွယ်၍ ရှင်းလင်းဆွေးနွေးကာ တက်ရောက်လာကြသည့် စီးပွားရေးလုပ်ငန်းရှင်များ၏ သိရှိလိုသည်များ မေးမြန်းမှုကို ပြန်လည်ရှင်းလင်းဖြေကြား၍ အသင်းဒုတိယဥက္ကဋ္ဌ ဒေါ်ခင်လေးမြင့်က နိဂုံးချုပ်ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲသို့ မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်သန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ Industrial and Commercial Bank of China(ICBC)တို့နှင့် စီးပွားရေးဆိုင်ရာ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ အသင်းဝင် စီးပွားရေးလုပ်ငန်းရှင်များ၊ အခြားဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်စံမောင်