နေပြည်တော် ၉ အောက်တိုဘာ
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များ၏ တပ်ရင်းမှူးအဆင့် အလံတင်အစည်းအဝေးကို မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်နိမိတ်၏ တောင်ပြိုဝဲအနီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ကော့ဘဇ္ဇားခရိုင်၊ ဂေါင်းဒုံ၌ အောက်တိုဘာ ၈ ရက်တွင် ကျင်းပသည်။
အဆိုပါ အလံတင်အစည်းအဝေးသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အမှတ်(၂) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး ဆန်းနိုင်ဦး ဦးစီးကိုယ်စားလှယ် ၁၁ ဦးအဖွဲ့သည် အမှတ် (၃၄) ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (ကော့ဘဇ္ဇား) မှ တပ်ရင်းမှူး၊ ညွှန်ကြားရေးမှူးအဆင့် Ali Haider Azad BPN ဦးစီးကိုယ်စားလှယ် ၁၃ ဦးပါဝင်သောအဖွဲ့ဖြင့် နံနက် ၉ နာရီမှ ၁၁ နာရီအထိလည်းကောင်း၊ အမှတ် (၁၁) ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် (နတ်ချောင်ဆရီ) မှ တပ်ရင်းမှူး၊ ညွှန်ကြားရေးမှူးအဆင့် Shah Abdul Aziz Ahmed ဦးစီး ကိုယ်စားလှယ် ၁၀ ဦး ပါဝင်သောအဖွဲ့ဖြင့် မွန်းတည့် ၁၂ နာရီမှ မွန်းလွဲ ၁ နာရီခွဲအထိ လည်းကောင်း၊ အမှတ်(၂) ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်(တက္ကနာ့ဖ်)မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး Mohammad Faisal Hasan Khan ဦးဆောင်သော အရာရှိ ၁၀ ဦး ပါဝင်သောအဖွဲ့ဖြင့် ညနေ ၃ နာရီမှ ၄ နာရီခွဲအထိလည်းကောင်း အစည်းအဝေး ၃ ခုကို သီးခြားစီကျင်းပခဲ့သည်။
အစည်းအဝေးတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ဒေသတွင် ဖြစ်ပေါ်နေသော အခြေအနေများ၊ နှစ်နိုင်ငံ နယ်နိမိတ်ကို တရားမဝင်ဖြတ်ကျော်ဝင်ရောက်မှုများ၊ နယ်စပ်ဒေသအနီး ပစ်ခတ်မှုဖြစ်စဉ်များ၊ တရားမဝင် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှု တားဆီးနှိမ်နင်းရေး၊ နှစ်နိုင်ငံ နယ်စပ်အနီး ARSA အကြမ်းဖက်အုပ်စုနှင့် ULA/AA အကြမ်းဖက်အုပ်စုတို့၏ လှုပ်ရှားဆောင်ရွက်မှုများ၊ နှစ်ဖက်ပူးတွဲ ကင်းလှည့်ဆောင်ရွက်မှုများနှင့် အရေးပေါ်ကိစ္စရပ်များတွင် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်များအကြား ဆက်သွယ်ဆောင်ရွက်မှုတို့နှင့် စပ်လျဉ်း၍ သတင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်က ဆွေးနွေးရာတွင် ARSA အကြမ်းဖက်အုပ်စုနှင့် ULA/AA အကြမ်းဖက် အုပ်စုများသည် နှစ်နိုင်ငံနယ်စပ် ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင်နက်ကို အသုံးပြု၍ လှုပ်ရှားဆောင်ရွက်နေကြောင်း၊ မြန်မာနိုင်ငံက တည်ဆဲဥပဒေနှင့်အညီ ထုတ်ပြန်ကြေညာထားသည့် အကြမ်းဖက်အဖွဲ့အစည်းများကို အားပေးကူညီ နေခြင်းသည် နှစ်နိုင်ငံ နယ်နိမိတ်လုံခြုံရေးနှင့် ဒေသတည်ငြိမ်ရေးကိုပါ ပိုမိုဆိုးဝါးစွာ ထိခိုက်စေကြောင်း၊ အကြမ်းဖက်အဖွဲ့အစည်းများ တိုက်ဖျက်ရေးကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်များ အနေဖြင့်လည်း ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း၊ နှစ်နိုင်ငံနယ်နိမိတ်တွင် သဘောတူညီချက်၊ နိုင်ငံတကာ စည်းမျဉ်းများနှင့် အညီ မိမိတို့ လုံခြုံရေးရဲအဖွဲ့များသာ လှုပ်ရှား/အခြေပြုနေသည်ကို အသိပေးလိုကြောင်း၊ မြန်မာ့တပ်မတော် တပ်ရင်းတပ်ဖွဲ့များသည် နိုင်ငံတကာနယ်နိမိတ်သတ်မှတ်ချက်ကို လေးစားလိုက်နာ၍ မိမိနိုင်ငံနယ်မြေအတွင်း၌သာ ကာကွယ်ရေးတာဝန် ထမ်းဆောင်နေကြောင်း၊ နယ်နိမိတ်မျဉ်းအနီး ဝင်ရောက်မှုလုံးဝမရှိသည်ကို အသိပေးလို ကြောင်း၊ တရားမဝင် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှု၊ အကြမ်းဖက်အုပ်စုများနှင့် ပတ်သက်သည့် သတင်း အချက်အလက်များကို မိမိတို့က အချိန်နှင့်တစ်ပြေးညီ ဖလှယ်ပေးပို့လျက်ရှိရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ထိရောက်သည့်တုံ့ပြန်မှုများ ဆောင်ရွက်ပေးစေလိုကြောင်း၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို ဆိုးဝါးစွာ ထိခိုက်စေသော အကြမ်းဖက်အဖွဲ့များ ခိုအောင်းလှုပ်ရှားမှုနှင့် တရားမဝင် မူးယစ်ဆေးဝါး သယ်ဆောင် ရောင်းဝယ်မှုများတိုက်ဖျက်ရေးကို မိမိတို့နှစ်နိုင်ငံ နယ်ခြားစောင့်တပ်များက ထိရောက်စွာ ပူးပေါင်းဆောင်ရွက် သွားရန် အထူးလိုအပ်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အမှတ်(၂) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှူး ဦးဆောင်သောအဖွဲ့သည် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့များမှ တပ်ရင်းမှူးများနှင့် သီးခြားစီအစည်းအဝေး ၃ ခု ကျင်းပဆွေးနွေးခဲ့ရာတွင် နှစ်နိုင်ငံနယ်ခြားစောင့်တပ် ဖွဲ့တို့အကြား တပ်ရင်းမှူးအဆင့် ပူးပေါင်းဆောင်ရွက်မှုများတွင် ပစ်ခတ်သံများကြားလျှင် ဖုန်းဖြင့် ဆက်သွယ် အကြောင်းကြားရန်၊ မူးယစ်ဆေးဝါးသတင်းများဖလှယ်၍ ပူးပေါင်းတိုက်ဖျက်ရန်၊ ARSA နှင့် ULA/AA အကြမ်းဖက် အုပ်စု သတင်းများဖလှယ်ရန်၊ ဒုက္ခသည်စခန်းများတွင် အကြမ်းဖက်အဖွဲ့များ လှုပ်ရှားမှုသတင်းများ ဖလှယ်ရန်၊ အကြမ်းဖက်သမားများကို သင်တန်းပေးလေ့ကျင့်မှု သတင်းများဖလှယ်ရန်၊ တရားမဝင် နှစ်နိုင်ငံနယ်စပ်ဖြတ် ကျော်မှုများ သတင်းဖလှယ်၍ ပိတ်ဆို့ရှာဖွေဖမ်းဆီးမှုများ ဆောင်ရွက်ရန်၊ တပ်ရင်းမှူးအဆင့် အလံတင် အစည်းအဝေးများကို ၃ လတစ်ကြိမ် ပုံမှန်ကျင်းပနိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ရန်၊ နှစ်နိုင်ငံနယ်နိမိတ် ပူးပေါင်းကင်းလှည့်ခြင်းကို ညှိနှိုင်းဆောင်ရွက်ရန် ဟူသည့်အချက် ၇ ချက်ကို သဘောတူညီခဲ့ပြီး ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


