မြန်မာ-ဘင်္ဂလားဒေ့ရှ် ဒေသကွပ်ကဲရေးမှူးများ နယ်စပ်ဒေသ ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးကျင်းပ

နေပြည်တော် မေ ၂၆

 

မြန်မာ-ဘင်္ဂလားဒေ့ရှ် ဒေသကွပ်ကဲရေးမှူးများ နယ်စပ်ဒေသ ပူးပေါင်းဆောင် ရွက်ရေး အစည်းအဝေးကို မေ ၂၄ ရက်မှ ၂၅ ရက်အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇ္ဇား ခရိုင်၊ တက္ကနာ့ဖ်မြို့၊ Central Resort ဟိုတယ်ရှိ အစည်းအဝေးခန်းမ၌ နှစ်ရက်တိုင် ကျင်းပသည်။  

 

အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အမှတ်(၁)နယ်ခြားစောင့်ရဲကွပ်ကဲမှု အဖွဲ့မှူးရုံး၊ ကွပ်ကဲရေးမှူး ရဲမှူးချုပ် ထက်လွင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်၊ ဒေသကွပ်ကဲမှုဌာနချုပ်(ကော့စ်ဘဇ္ဇား)၊ ဒေသကွပ်ကဲရေး မှူးနှင့် ပူးတွဲညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးချုပ် Najam-Us-Sakib ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့တို့ တက်ရောက်ခဲ့ကြသည်။  

 

အစည်းအဝေးတွင် နှစ်နိုင်ငံနယ်စပ်ဒေသအတွင်း လုံခြုံရေးဆိုင်ရာ ကိစ္စ ရပ်များ ပူးပေါင်းဆောင်ရွက်ရေး၊ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုများအား တားဆီးထိန်းသိမ်း ပေးရေး၊ နယ်စပ်ကုန်သွယ်မှု ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေး၊ မူးယစ် ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ နှစ်နိုင်ငံနယ်နိမိတ်အတွင်း ညှိနှိုင်းပူးပေါင်းကင်း လှည့်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များအကြား အချိန်နှင့်တစ်ပြေးညီ သတင်းဖလှယ်ပေးရေး၊ အကြမ်းဖက်အုပ်စုများ၊ နယ်စပ်ဖြတ်ကျော်ဂိုဏ်းအဖွဲ့များက နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းကို တရားမဝင် ဖြတ်ကျော်သည့် ဖြစ်စဉ်များနှင့် ပူးပေါင်းဆောင်ရွက် မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

(သတင်းစဉ်)