MNL ပြိုင်ပွဲတွင် ဧရာဝတီနှင့် ရှမ်းယူနိုက်တက်အသင်း နိုင်ပွဲဆက်

ဩဂုတ် ၂၇

 

၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပထမအကျော့ နောက်ဆုံးရက်သတ္တပတ်ဖြစ်သည့် ပွဲစဉ် (၁၁) ဒုတိယနေ့ကို ယနေ့ညနေပိုင်းက ဆက်လက်ကျင်းပရာ ဧရာဝတီအသင်းနှင့် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းတို့ နိုင်ပွဲဆက်ခဲ့သည်။

 

သုဝဏ္ဏကွင်း၌ ကျင်းပသည့်ပွဲတွင် ဧရာဝတီအသင်းက စစ်ကိုင်းအသင်းကို ခြောက်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ယခုရာသီတွင် ရှုံးပွဲမရှိသေးသည့် ဧရာဝတီအသင်းသည် ပထမအကျော့နောက်ဆုံးပွဲတွင် ခြေစွမ်းပြပြီး ဂိုးဒါဇင်ဝက်နှင့်အတူ နိုင်ပွဲထပ်မံရယူနိုင်ခဲ့သည်။

 

ဧရာဝတီအသင်းသည် ယခုနိုင်ပွဲကြောင့် ဒုတိယနေရာတွင် ဆက်ရှိနေပြီး ထိပ်ဆုံးမှ ဟံသာဝတီအသင်းကို တစ်မှတ်အကွာဖြင့် ဆက်လက်ဖိအားပေးလျက်ရှိသည်။ စစ်ကိုင်းအသင်းသည် ပြိုင်ပွဲပြန်လည်စတင်အပြီး ပထမဆုံး ကစားရသည့်ပွဲဖြစ်သောကြောင့် ခြေစွမ်းပြနိုင်ခြင်းမရှိဘဲ ရုန်းကန်ခဲ့ရသည်။

 

ဧရာဝတီအသင်းသည် အမာခံကစားသမားအစုံအလင်ဖြင့် ပွဲထွက်ခဲ့ပြီး ပွဲစကတည်းက ဖိအားပေးကစားနိုင်ခဲ့သလို ဒုတိယပိုင်းတွင် စစ်ကိုင်းအသင်း ခံစစ်အားနည်းမှုကို အခွင့်ကောင်းယူကာ ဂိုးများ ဆက်တိုက်သွင်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။

 

ပွဲအစ လေးမိနစ်မှာပင် ဧရာဝတီအသင်း ပယ်နယ်တီကန်ခွင့်ရခဲ့ပြီး ဆာဆက်က အမှားအယွင်းမရှိ ကန်သွင်းခဲ့၍ ဧရာဝတီအသင်း အဖွင့်ဂိုးရခဲ့ပြီး ယင်းနောက်ပိုင်းတွင် အခွင့်အရေးများ ဆက်တိုက်ရရှိခဲ့သည်။ ၁၆ မိနစ်တွင် ဧရာဝတီအသင်း ဒုတိယဂိုးရခဲ့ပြီး သန်းထက်အောင်က သွင်းယူခဲ့သည်။

 

ဒုတိယပိုင်းအစတွင် ပက်ထရစ်က စစ်ကိုင်းအသင်းအတွက် ချေပဂိုးတစ်ဂိုး ပြန်သွင်းနိုင်သော်လည်း ဂိုးထပ်ရရန် စွမ်းဆောင်နိုင်ခြင်းမရှိဘဲ ဧရာဝတီအသင်း၏ သွင်းဂိုးများကိုသာ ထပ်မံခွင့်ပြုခဲ့ရသည်။ ဧရာဝတီအသင်းအတွက် အနိုင်ဂိုးများကို ၅၂ မိနစ်တွင် ဆာဆက်၊ ၇၂ မိနစ်တွင် ဝင်းနိုင်ထွန်း၊ ၇၉ မိနစ်တွင် အသင်းခေါင်းဆောင် သီဟဇော်၊ ၈၁ မိနစ်တွင် ကောင်းမြတ်သူတို့က သွင်းယူခဲ့သည်။

 

YUSC ကွင်း၌ ကျင်းပသည့်ပွဲတွင် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းက ရခိုင်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းသည် နန္ဒကျော်၏ တစ်လုံးတည်းသာအနိုင်ဂိုးဖြင့် နိုင်ပွဲဆက်ခဲ့ခြင်းဖြစ်ပြီး အဆင့် ၄ နေရာတွင် ဆက်လက်ရပ်တည်နိုင်ခဲ့သည်။ နန္ဒကျော်သည် ၁၉ မိနစ်တွင် ခေါင်းတိုက်ဂိုးဖြင့် အနိုင်ဂိုးသွင်းယူခဲ့ခြင်းဖြစ်ပြီး နှစ်ပွဲဆက်တိုက် ရှမ်းယူနိုက်တက်အသင်းကို အနိုင်ဂိုး သွင်းယူပေးနိုင်ခဲ့သည်။

 

ပထမအကျော့အပြီးတွင် ဟံသာဝတီအသင်းက ၂၄ မှတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေပြီး ဧရာဝတီအသင်းက ၂၃ မှတ်၊ ရန်ကုန်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းက ၁၇ မှတ်စီ၊ ရခိုင်အသင်းက ၁၃ မှတ်၊ ရတနာပုံနှင့် စစ်ကိုင်းအသင်းက ၁၀ မှတ်စီ၊ မကွေးအသင်းက ခြောက်မှတ်၊ အားကာသိပ္ပံအသင်းက လေးမှတ်နှင့် Southern အသင်းက နှစ်မှတ်ရထားသည်။ ဒုတိယအကျော့ကို သြဂုတ် ၃၀ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ
ဓတ်ပုံ- ဖိုးသော်ဇင်