MNL ပွဲစဉ် (၈) တွင် အသင်းကြီးအများစု အဝေးကွင်းပွဲကျပ်ကစားရမည်

ရန်ကုန် ၁၈ ဧပြီ

 

၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၈) ကို ယခုတစ်ပတ်တွင် ပြန်လည်ကျင်းပမည်ဖြစ်ပြီး အသင်းကြီးအများစု အဝေးကွင်းပွဲကျပ်ကစားရမည် ဖြစ်သည်။

 

ပွဲစဉ် (၈) အဖြစ် ဧပြီ ၂၀ ရက်တွင် သုဝဏ္ဏကွင်း၌ Chinland အသင်းနှင့် ရတနာပုံအသင်း၊ ဧပြီ ၂၁ ရက်တွင် သုဝဏ္ဏကွင်း၌ မကွေးအသင်းနှင့် ရန်ကုန်အသင်း၊ ဝေသာလီကွင်း၌ ရခိုင်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်း၊ ပဲခူး Grand Royal ကွင်း၌ ဟံသာဝတီအသင်းနှင့် ဇွဲကပင်အသင်း၊ ဧပြီ ၂၂ ရက်တွင် မုံရွာကွင်း၌ စစ်ကိုင်းအသင်းနှင့် ဧရာဝတီအသင်း၊ သုဝဏ္ဏကွင်း၌ ဒဂုံအသင်းနှင့် Southern အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ 

 

ပွဲစဉ် (၇) အပြီးတွင် ရှမ်းယူနိုက်တက်နှင့် ဧရာဝတီအသင်းတို့က ၁၅ မှတ်စီ၊ ရတနာပုံအသင်းက ၁၄ မှတ်၊ ရန်ကုန်နှင့် ဟံသာဝတီအသင်းက ၁၃ မှတ်စီ၊ စစ်ကိုင်းအသင်းက ၁၂ မှတ်၊ ရခိုင်အသင်းက ၁၀ မှတ်၊ Southern အသင်းက ခုနစ်မှတ်၊ ဇွဲကပင်အသင်းက ခြောက်မှတ်၊ မကွေးအသင်းက လေးမှတ်၊ ဒဂုံအသင်းက သုံးမှတ်၊ Chinland အသင်းက နှစ်မှတ်ရထားသည်။ ရှမ်းယူနိုက်တက်အသင်းသည် ဧရာဝတီနှင့် အမှတ်တူသော်လည်း ဂိုးကွာခြားချက်အသာကြောင့် ထိပ်ဆုံးနေရာတွင် ဦးဆောင်ခွင့်ရခဲ့ခြင်းဖြစ်သည်။

 

ယခုတစ်ပတ်တွင် ထိပ်ဆုံးမှ ဦးဆောင်နေသည့် ရှမ်းယူနိုက်တက်နှင့် ဧရာဝတီအသင်းသည် ယခုရာသီတွင် ပုံစံကောင်းပြသနေသည့် အသင်းများနှင့် တွေ့ဆုံနေသောကြောင့် ပွဲကျပ်ကစားရမည်ဖြစ်ပြီး အဝေးကွင်းဖြစ်သောကြောင့် ပိုမိုရုန်းကန်ရဖွယ်ရှိနေသည်။ ဇယားထိပ်ပိုင်းတွင် ဆက်လက်ရပ်တည်နိုင်ရန် နှစ်သင်းစလုံး အမှားခံ၍ မရသလို ယင်းနှစ်သင်း၏ ပွဲကျပ်ကစားရမည့်အပေါ် အခွင့်အရေးယူနိုင်ရန် ရတနာပုံ၊ ရန်ကုန်နှင့် ဟံသာဝတီအသင်းတို့လည်း ကြိုးစားဖွယ်ရှိနေသည်။ 

 


ရတနာပုံအသင်းသည် ဇယားအောက်ဆုံးမှ Chinland နှင့် တွေ့ဆုံနေသောကြောင့် နိုင်ပွဲဆက်ဖွယ်ရှိသလို ဟံသာဝတီအသင်းကလည်း အိမ်ကွင်းကစားရမည်ဖြစ်သည်။ ရန်ကုန်အသင်းသည် ယခုရာသီတွင် ရလဒ်ဆိုးနေသည့် မကွေးအသင်းနှင့် ကစားရမည်ဖြစ်သော်လည်း ပြီးခဲ့သည့်ရာသီများတွင် အခက်တွေ့အောင် လုပ်နိုင်ခဲ့သောကြောင့် အာရုံစိုက်ကစားရမည်ဖြစ်သည်။


 
MNL အမှတ်ပေးပြိုင်ပွဲမှာ အသင်းများအကြား အမှတ်ကွာဟမှုမရှိသောကြောင့် ပွဲစဉ်တစ်ခုပြီးတိုင်း အဆင့်ရပ်တည်မှုများ ပြောင်းလဲလျက်ရှိရာ နိုင်ပွဲဆက်မှသာ ဇယားထိပ်ပိုင်းသို့ ရောက်ရှိမည်ဖြစ်သည်။

 


သတင်း - ညီမြတ်သော်တာ
ဓာတ်ပုံ - စိုးညွန့်