MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၉) ဆက်လက်ကျင်းပမည်

၂၅ ဧပြီ

 

၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၉) ကို ယခုတစ်ပတ် စနေ၊ တနင်္ဂနွေနေ့တွင် ဆက်လက် ကျင်းပမည်ဖြစ်သည်။

 

ပွဲစဉ် (၉) တွင် ပရိသတ်အကြိုက်တွေ့နိုင်သည့် ပွဲကောင်းများ ပါဝင်နေပြီး ဧရာဝတီနှင့် ရှမ်းယူနိုက်တက်၊ စစ်ကိုင်းနှင့် မကွေးအသင်းတို့၏ တွေ့ဆုံမှုများက အကြိတ်အနယ်ဖြစ်ဖွယ်ရှိနေသည်။

 

ပွဲစဉ် (၉) အဖြစ် ဧပြီ ၂၇ ရက်တွင် ဝေသာလီကွင်း၌ ရခိုင်အသင်းနှင့် ဟံသာဝတီအသင်း၊ သုဝဏ္ဏကွင်း၌ ဇွဲကပင်အသင်းနှင့် Chinland အသင်း၊ မုံရွာကွင်း၌ စစ်ကိုင်းအသင်းနှင့် မကွေးအသင်း၊ ဧပြီ ၂၈ ရက်တွင် သုဝဏ္ဏကွင်း၌ ဒဂုံအသင်းနှင့် ရန်ကုန်အသင်း၊ မော်လမြိုင်ကွင်း၌ Southern အသင်းနှင့် ရတနာပုံအသင်း၊ ပုသိမ်ကွင်း၌ ဧရာဝတီအသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

 

ပွဲစဉ် (၈) အပြီးတွင်   ပွဲစဉ် (၈) အပြီးတွင် ရတနာပုံအသင်းက ၁၇ မှတ်ဖြင့် ထိပ်ဆုံးသို့ ရောက်ရှိလာပြီး ရှမ်းယူနိုက်တက်၊ ရန်ကုန်နှင့် ဟံသာဝတီအသင်းက ၁၆ မှတ်စီ၊ စစ်ကိုင်းနှင့် ဧရာဝတီအသင်းက ၁၅ မှတ်စီ၊ ရခိုင်အသင်းက ၁၁ မှတ်၊ Southern အသင်းက ခုနစ်မှတ်၊ ဒဂုံနှင့် ဇွဲကပင်အသင်းက ခြောက်မှတ်စီ၊ မကွေးအသင်းက လေးမှတ်၊ Chinland အသင်းက နှစ်မှတ်ရထားသည်။

 

ထိပ်ဆုံးသို့ ရောက်ရှိလာသည့် ရတနာပုံအသင်းသည် Southern အသင်း၏ကွင်း၌ သွားရောက် စမ်းသပ်ခံရမည် ဖြစ်ပြီး ရုန်းကန်ရဖွယ်ရှိနေသည်။

 

Southern အသင်းသည် ယခုရာသီတွင် အဝေးကွင်းနိုင်ပွဲမရသေးသော်လည်း အိမ်ကွင်းကစားပုံ မာကျောပြီး ရလဒ်ကောင်းများ ရထားသောကြောင့် ရတနာပုံအသင်းအနေဖြင့် ထိပ်ဆုံး၌ ဆက်လက်ရပ်တည်နိုင်ရန် အားကုန်ထုတ်ရဖွယ် ရှိနေသည်။

 

ယခုရာသီတွင် အကောင်းဆုံးခြေစွမ်းပြသနေသည့် စစ်ကိုင်းအသင်းသည် ပွဲစဉ် (၈) အပြီး တန်းဆင်းဇုန်အတွင်း ကျရောက်သွားသည့် မကွေးအသင်းနှင့် ကစားရမည်ဖြစ်သည်။

 

ဇယားထိပ်ပိုင်းမှ အသင်းကြီးများ ပွဲကျပ်ကစားရမည်ဖြစ်သောကြောင့် စစ်ကိုင်းအသင်းသည် ယခုပွဲအနိုင်ရပါက ထိပ်ဆုံးသုံးသင်းစာရင်းဝင်ရန် မျှော်လင့်ချက်ရှိနေသည်။

 

မကွေးအသင်းမှာလည်း တန်းဆင်းဇုန်အတွင်းမှ ရုန်းထွက်နိုင်ရန် ကြိုးစားရဖွယ်ရှိနေသည်။ ယခုတစ်ပတ်၏ အကောင်းဆုံးပွဲဟု သတ်မှတ်နိုင်သည့်ပွဲမှာ ဧရာဝတီနှင့် ရှမ်းယူနိုက်တက်ပွဲဖြစ်ပြီး ဧရာဝတီအသင်းတွင် လူစုံပါက ပြိုင်ဆိုင်မှုပိုမိုပြင်းထန်ဖွယ်ရှိနေသည်။

 

ဧရာဝတီအသင်းတွင် အဓိကကစားသမားများဖြစ်သည့် တိုက်စစ်မှူး ဆာဆက် ပွဲပယ်ခံထားရသလို နောက်ခံလူများ ဖြစ်သည့် အီဖာနှင့် စိုးမိုးကျော်၊ ကွင်းလယ်ကစားသမား နန်းထိုက်ဇော်တို့မှာလည်း ဒဏ်ရာရရှိနေရာ အိမ်ကွင်း၌ ရုန်းကန်ရဖွယ်ရှိနေသည်။

 

ဧရာဝတီအသင်းတွင် နိုင်ငံခြားသားကစားသမားအဖြစ် မာတူနာ တစ်ဦးတည်းသာ ပါဝင်နိုင်မည်ဖြစ်ပြီး လက်ရွေးစင် ကစားသမားနှင့် နိုင်ငံခြားသားကစားသမား အများစုပါဝင်လာသည့် ရှမ်းယူနိုက်တက်အသင်းကို ခက်ခက်ခဲခဲ ရင်ဆိုင်ရဖွယ် ရှိနေသည်။

 

ပထမအကျော့ပြီးဆုံးရန် နီးကပ်လာပြီဖြစ်ရာ အသင်းများ၏ ပြိုင်ဆိုင်မှု၊ အသင်းတစ်သင်းနှင့် တစ်သင်းအကြား အမှတ်ကွာဟမှု ကျဉ်းမြောင်းနေခြင်းကြောင့် လက်ကျန်ပွဲများမှာ ပိုမိုစိတ်ဝင်စားဖွယ် ကောင်းနေသည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-စိုးညွန့်