မြင်းမူ ၂၅ မေ
မြင်းမူမြို့နယ်တွင် ကိုဗစ်ကာလအတွင်း ရပ်နားထားခဲ့သော ကာကွယ်ဆေးထိုးနှံခြင်း တိုက်ကျွေးခြင်း လုပ်ငန်းများကို ဆေးရုံအခြေပြု အစီအစဉ်တစ်ရပ်အနေဖြင့် ဧပြီလ (၁၉) ရက်နေ့မှ စတင်ထိုးနှံ တိုက်ကျွေးလျက်ရှိကြောင်း သိရှိရသည်။
“ကျွန်မတို့ မြို့နယ်ကျန်းမာရေး ဦးစီးဌာနအနေနဲ့ မြို့ပေါ်ရပ်ကွက်ကြီး(၄)ခုမှာ ရှိတဲ့ ရပ်ကွက်ပေါင်း (၁၀) ရပ်ကွက်မှာရှိသော ကလေးငယ်ပေါင်း(၂၇၂)ဦးနဲ့ ကိုယ်ဝန်ဆောင်မိခင်ပေါင်း (၇၀)ကို မေလ(၂၉) ရက်နေ့ထိ ဆေးထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်”ဟု မိခင်နှင့်ကလေး ကျန်းမာရေးဌာန ဘက်စုံသားဖွားဆရာမ ဒေါ်ယဉ်ယဉ်နုက ပြောသည်။
အလားတူ ကျေးရွာများတွင်ရှိသော (၁)နှစ်အောက် ကလေးငယ်ပေါင်း (၁၇၄၆)ယောက်နှင့် ကိုယ်ဝန်ဆောင်မိခင် (၁၇၃၉) ဦး တို့ကိုလည်း၊ ဇွန်လ(၁)ရက်နေ့မှစ၍ သက်ဆိုင်ရာ စုရပ်များတွင် တစ်ရက်လျှင်လူ ဦး (၅၀) နှုန်းသတ်မှတ်ကာ ဆက်လက်ထိုးနှံ တိုက်ကျွေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အောင်စိုးဖေ (မြင်းမူ)


