မင်းလှ ၁၆ စက်တင်ဘာ
စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းလှမြို့နယ်အတွင်းရှိ မဟာဓာတ်အားလိုင်း ရောက်ရှိနေသည့် နေရာမှစပြီး ၁၀ မိုင်အထက် ကျေးရွာ ၂၁ ရွာတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် တစ်အိမ်သုံးဆိုလာစနစ်ဖြင့် မီးရရှိရေးဆောင်ရွက် ပေးနိုင်ရန်အတွက် ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာနှစ်တွင် ခန့်မှန်းကုန်ကျငွေကျပ်သန်း ၃၅၀ ကို အသုံးပြု သွားမည်ဖြစ်ကြောင်း အဆိုပါ ဦးစီးဌာန မှ သိရသည်။
အဆိုပါကျေးရွာ ၂၁ ရွာတွင် အိမ်ခြေပေါင်း ၁၁၈၀ အတွက် တစ်အိမ်သုံး ဆိုလာစနစ်ဖြင့် မီးရရှိရေးဆောင်ရွက်ပေးရာတွင် မဟာဓာတ်အားလိုင်းရောက်ရှိနေသည့် နေရာမှစပြီး ၁၀ မိုင်အထက် မီးမရရှိသည့် ကျေးရွာများကို မီးရရှိစေရန်အတွက်တစ်အိမ်သုံးဆိုလာစနစ်ဖြင့် သီးသန့်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ထိုသို့မီးရရှိရေး ဆောင်ရွက်ပေးရာတွင် တစ်အိမ်သုံးဆိုလာများမှာဝပ် ၆၀ နှင့် ဝပ် ၁၀ဝ ဟူ၍နှစ်မျိုးရှိပြီး မိမိတို့အိမ်များတွင်သုံးစွဲရန်ယူသည့် ဝပ်အလိုက်တပ်ဆင်ပေးသွားမည်ဖြစ်သည်။
တစ်အိမ်သုံးဆိုလာစနစ် ဝပ် ၆၀ တစ်ချပ်နှင့် ဆက်စပ်ပစ္စည်းများ အပါအဝင် တစ်စုံလျှင် ငါးသောင်းကျပ်၊ ဝပ် ၁၀ဝ အတွက် ကျပ်တစ်သိန်းငါးသောင်း ကို ပြည်သူ ထည့်ဝင်ငွေအဖြစ် ထည့်ဝင်ရပြီး ကျေးရွာအိမ်ခြေရဲ့ (၃၀) ရာခိုင်နှုန်းအထက် ဆိုလာစနစ်ကိုတပ်ဆပ် အသုံးပြုပါက အများပြည်သူပိုင်နေရာတွေဖြစ်တဲ့ လမ်း၊ စာသင်ကျောင်း၊ ဆေးပေးခန်း၊ ဘာသာရေး အဆောက်အအုံများကို အခမဲ့တပ်ဆင် ပေးတာဖြစ်တယ်လို့ မင်းလှမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်နန္ဒာအိ ကပြောပြသည်။
“မီးမရရှိသေးတဲ့ ၁၀မိုင်အထက် ကျေးရွာတွေကို မီးရရှိအောင်ဆောင်ရွက်ပေးသွားမှာပါ၊ ဆောင်ရွက်ပေးတဲ့အခါမှာလည်း ဆိုလာတစ်ချပ်ရဲ့ ကျသင့်ငွေကိုအကုန်မပေးရပါဘူး။ လေးပုံတစ်ပုံပဲကျခံပေးရမှာပါ၊ အခုလိုမီးရရှိအောင်ဆောင်ရွက်ပေးတဲ့အတွက် လူနေမှု ဘဝအဆင့်အတန်းလည်း ဖွံ့ဖြိုးတိုးတက်လာပါမယ်၊ မီးရရှိတဲ့အတွက်လမ်းပန်း ဆက်သွယ်ရေးတွေလည်း ကောင်းမွန်လာပါမယ်၊ ပြီးတော့ ကျေးရွာ ၂၁ ရွာမှာရှိတဲ့ အိမ်ခြေ ၁၁၈၀ အတွက်ဆိုလာ ဝပ် ၆၀ (၆၈၂ချပ်)၊ ဝပ် ၁၀ဝ (၄၉၈)ချပ် ကိုတပ်ဆင်ပေးမှာဖြစ်ပြီး၊ မူလတန်းကျောင်း ၁၀ ကျောင်း၊ အလယ်တန်းကျောင်း ၈ ကျောင်း၊ ကျန်းမာရေးအဆောက်အအုံငါးခု၊ လမ်းမီးတိုင် ၁၄၉ တိုင်နှင့် ဘာသာရေး အဆောက်အအုံ ၂၂ လုံးအတွက် ဆိုလာနှင့် ဆက်စပ်ပစ္စည်းများအား အခမဲ့တပ်ဆင်ပေးသွာမှာပါ ”ဟု ဦးစီးမှူးက ဆက်လက်ပြောပြသည်။
အဆိုပါတစ်အိမ်သုံးဆိုလာစနစ်ဖြင့် မီးရရှိရေးဆောင်ရွက်ပေးမည့် ကျေးရွာ၂၁ရွာမှာ ခါးဇက် ၊ တဲကြီးကုန်း ၊ ညောင်ပင်တဲ ၊ ရေတွင်းမြောင်(တ) ၊ မကျီးကုန်း ၊ ကျစ်ဖျား ၊ မလွန်စမ်း ၊ ရွာသာယာ ၊ ချင်းကုန်း ၊ ကျောက်ထပ် ၊ ကိုင်းငယ်ကြီး ၊ ကိုင်းငယ်လေး ၊ ရေတွင်းကြီး ၊ သဖန်းကိုင်း ၊ ပင်္ဂ ၊ လဲဝါ ၊ စီး ၊ ကွန်းသွန်း ၊ ကြက်အုပ်တောင် ၊ ဇိုင်ဖျားတဲစု ၊ ကတဲကျေးရွာများဖြစ်ပြီး ဆိုလာနှင့်ဆက်စပ်ပစ္စည်းများမှာ ယင်းကျေးရွာများသို့ ရောက်ရှိနေပြီဖြစ်ကာ ဆိုလာတပ်ဆင်မှုအပိုင်းအား အောက်တိုဘာ ပထမပတ်မှ စတင်ကာ ဆောင်ရွက်သွားမည်ဖြစ်သည်။
ငြိမ်းသူ


