မွန်ဂိုလီးယားနိုင်ငံ၌ ၂၀၂၃ ခုနှစ် ယခုချိန်အထိ နိုင်ငံခြားခရီးသွား ၂၁၆၀၀၀ ကျော် ဝင်ရောက်မှုရှိ

ဇွန် ၅

မွန်ဂိုလီးယားနိုင်ငံသို့ ယခုနှစ် ယခုချိန်အထိ နိုင်ငံခြားခရီးသွား ၂၁၆၆၆၈ ဝင်ရောက်မှုရှိရာ နိုင်ငံခြားခရီးသွားအများစုသည် ရုရှားနှင့်တရုတ်နိုင်ငံတို့မှဖြစ်သည်ဟု သဘာဝပတ်ဝန်းကျင်နှင့်ခရီးသွားလုပ်ငန်းဝန်ကြီးဌာနက ယနေ့တွင် ပြောကြားသည်။

မွန်ဂိုလီးယားအစိုးရက ကိုဗစ်ကပ်ရောဂါကြောင့်ထိခိုက်မှုရှိခဲ့သည့် ခရီးသွားကဏ္ဍကိုပြန်လည်အသက်သွင်းရန်စီမံချက်များ လုပ်ဆောင်လျက်ရှိသည်။

ဇန်နဝါရီလက (၂၀၂၅ နှစ်ကုန်ပိုင်းအထိ ရက်ပေါင်း ၃၀ ဗီဇာကင်းလွတ်ခွင့်ရသည့်) နိုင်ငံပေါင်း ၃၄ နိုင်ငံရှိရာမှ ဗီဇာကင်းလွတ်ခွင့်ရသည့်နိုင်ငံပေါင်း ၆၁ နိုင်ငံအထိရှိလာပြီဖြစ်ကြောင်း ဖော်ပြထားသည်။

၂၀၂၃၊ ၂၀၂၄နှင့် ၂၀၂၅ ခုနှစ်တို့ကိုလည်း မွန်ဂိုလီးယားခရီးသွားနှစ်အဖြစ် သတ်မှတ်ထားပြီး ခရီးသွားလုပ်ငန်းမြှင့်တင်ရန်အတွက် ၂၀၂၃ ခုနှစ်အတွင်းပွဲပေါင်း ၉၀ ကျော်ကျင်းပစီစဉ်ရန် မျှော်မှန်းထားသည်။

လာမည့်နှစ်များတွင် နိုင်ငံခြားခရီးသွား တစ်သန်းထက်မနည်းဝင်ရောက်မှုရှိရန်နှင့် ခရီးသွားလုပ်ငန်းမှ အမေရိကန်ဒေါ်လာ တစ်ဘီလီယံဝင်ငွေရရှိရန်မျှော်မှန်းထားသည်။

နိုင်ငံအတွင်း ၂၀၂၂ ခုနှစ်က နိုင်ငံခြားခရီးသွား ၂၉၀၄၀၀ ဝင်ရောက်မှုရှိခဲ့ပြီး ၎င်းခရီးသွားကဏ္ဍမှ ဒေါ်လာ သန်း  ၃၅၀ ဝင်ငွေရရှိခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို